အာရက္ခတိုင်းမ်စ် (၂၃ မတ် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ နေဗီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“ စစ်တပ်က ထိုးစစ်ဆင်တယ်။ တပ်လှန်ပြီး ပြန်ဆုတ်လာရတယ်။ အထိနာပြီး ပြန်ဆုတ်လာလိုက် ရှေ့တိုးလိုက်နဲ့ လူပြုန်းလာတော့ အခုတော့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ လုပ်နေတယ်” လို့ ကျောက်ဖြူမြို့နယ်က စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဖြစ်ပွားနေတဲ့ သိုင်းချောင်းနဲ့ မင်းပြင်အနီးကတိုက်ပွဲတွင် အကျအဆုံးများနေတဲ့အတွက် စစ်ကော်မရှင်က မတ်လ ဒုတိယအပတ်က အင်အား ၄၀၀ ကျော် ထပ်မံဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
“ ထပ်ပို့ထားတဲ့ အင်အားနဲ့ မင်းပြင်ကနေ ဝါးနက်ချွိန်ရွာဖက်ကို ဆက်ထိုးနေတယ်။ တပ်တော်က ဖြတ် ဖြတ်တိုက်နေတော့ ပြန်ဆုတ်လိုက် ပြန်တက်ပြီး တိုက်လိုက်ပေါ့။ ဟိုဖက် (စစ်ကော်မရှင်) ကလည်း အထိနာလာတော့ ရေကြောင်းရော လေကြောင်းရော ပစ်ကူတွေ တောက်လျောက်ပေးနေတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင်ဟာ မင်းပြင်ကနေ ဝါးနက်ချွိန်ဖက်ကို ထိုးစစ်ဆင်နေသလို သိုင်းချောင်းကနေ ပြားကျွိန်ချောင်းဖက်ကိုလည်း ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။
စစ်ရေးအရ အထိနာနေတဲ့ စစ်ကော်မရှင်ဟာ င/အုပ်ရွာနဲ့ ဝမျှောင်ရွာအနီးရှိ တိုက်ခိုက်ရေးနေဗီ (၁) စီးကနေ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဒိုးတောင်ရွာကို စစ်ကော်မရှင်က မတ်လ ၁၈ ရက်မှာ ဒရုန်း၊ လေကြောင်းနဲ့ နေဗီကနေ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကျောက်ပြောက်ကျေးရွာကို မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီကျော်က ဘုန်းတော်ကြီးကျောင်းကို စစ်ကော်မရှင်က ဒရုန်းနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းတော်ကြီးကျောင်း ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
