အာရက္ခတိုင်းမ်စ် (၁၉ ဒီဇင်ဘာ ၂၀၂၅)
စစ်ကော်မရှင် ထိန်းချုပ်နယ်မြေတွေထဲက တခုဖြစ်တဲ့ ရက္ခိုင်ပြည်၊ မာန်အောင်မြို့မှာ MPT ဆက်သွယ်ရေးလိုင်း ပြန်လည်ရရှိနေပေမယ့် အင်တာနက် သုံးစွဲလို့ မရဘူးလို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
MPT တခုတည်းသာ အသုံးပြုလို့ ရနေတာဖြစ်ပြီး တခြား အော်ပရေတာတွေဖြစ်တဲ့ ATOM၊ Mytel နဲ့ U9 စတာတွေကတော့ ပိတ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဖုန်းလိုင်းတွေ ပြန်ရနေတာ လပိုင်းခန့်သာရှိသေးပြီး စစ်ကော်မရှင်က ပြုလုပ်မယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြောင့် ပြန်လည်ရရှိနေတာဖြစ်တယ်လို့ အဆိုပါ ဒေသခံကပြောပါတယ်။
“ကျွန်တော်တို့ဆီ ဖုန်းလိုင်းရတာမှ မကြာသေးဘူး။ ဒီရွေးကောက်ပွဲအတွက် ဖုန်းလိုင်းကို စပေးတာလေ။ ဖုန်းလိုင်းရတာမှ လပိုင်းပဲ ရှိပါသေးတယ်။ အခုက လောလောဆယ် MPT တခုတည်းပါ။ကျန်တဲ့လိုင်း ဘာမှမရှိဘူး။ ဘာမှ မရသေးပါခင်ဗျ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဖုန်းလိုင်း ရရှိသော်လည်း သတင်းအမှောင်ချတဲ့အနေနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေတွေကို ဒေသခံတွေအနေနဲ့ မသိရှိရဘူးလို့လည်း ဆိုပါတယ်။
“ဘာမှလည်း မသိဘူး။ နိုင်ငံရေး ဘာညာလည်း ဘာမှမသိတာ။ ကျနော်တို့က ဒီဟာက star link က ဘာလဲဆိုရင် ထွေအုပ်ပိုင်းဆိုင်ရာကို ပေးထားတာ ရှိတယ်။ ကျနော်တို့ အထွေထွေ အုပ်ချုပ်ရေး ရဲတို၊့ တပ်တို့ သူတို့ပိုင်းဆိုင်ရာမှာတော့ ရှိပါတယ်။ သူတို့ပိုင်းဆိုင်ရာကို ကန့်သတ်ထားတဲ့အတွက် ကျနော်တို့က အပြည့်အဝ သုံးစွဲခွင့် မရဘူးပေါ့။ သိတဲ့အတိုင်း သူတို့ဆီ အကူညီတောင်းပြီးခဏတဖြုတ် သွားပြီး သတင်းလေး ကြည့်ချင်တယ်ဆိုလို့ရှိရင် နည်းနည်းပါးပါး ရနိုင်တာပေါ့။ ကျန်တဲ့ အခွင့်အရေးကတော့ မရနိုင်ပါဘူးခင်ဗျ။ ငွေလွှဲငွေထုတ်တဲ့အခါကျ star link ရှိတဲ့ ထွေအုပ်တို့ သူတို့ဆီမှာ သူတို့တွေရဲ့ ဘာခေါ်မလဲ အရင်တုန်းကဆိုလို့ရှိရင် ပိုက်ဆံလေး နည်းနည်းပါးပါး ပေးရတာပေါ့ခင်ဗျ။ အဲ့လို အကူညီတောင်းပြီး ရက်ပိုင်းလေးပါ အမြဲတမ်း ဖွင့်ထားတာ မဟုတ်ဘူး။ တောင်းဆိုချင်တာကတော့ ကျနော်တို့ ပြောရမယ်ဆိုလို့ရှိရင် ဒီဟာတော့ တောင်းဆိုလည်း ရတဲ့ကိစ္စမှ မဟုတ်တာ။ နိုင်ငံရေးအရ ကျနောတို့အနေနဲ့ ဘာမှ လုပ်လို့ မရတဲ့ အထဲမှာပဲလေ။နိုင်ငံရေး ပြဿနာတွေ ဒီလို ရှိနေသ၍ကတော့ ဒီလို အခက်အခဲကတော့ ကျနော်တို့ ရှိမှာပါ။ ဒီအပိုင်းဆိုင်ရာလည်း ကျနော်တို့ အကုန် နားလည်ပါတယ်။ သို့သော်လည်း ကျနော်တို့အခက်အခဲဘယ်လောက်ကြုံကြုံ တောင်းဆိုနိုင်တဲ့ အခွင့်အရေးမှ မဟုတ်တာ။ ကျနော်တို့မှာ အခက်အခဲက အများကြီး ရှိနေတာကို” လို့ သူက အာရက္ခတိုင်းမ်ကို ဆက်ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို ယခုလ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အပိုင်း (၂) ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မယ့် မြို့နယ်စာရင်းမှာ ရက္ခိုင်ပြည်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေ ပါဝင်တယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန် ကြေညာထားပါတယ်။

2 comments
달마루출장안마
https://dalmarucare.com/chungbuk/cheongju 청주출장안마
달마루출장안마
https://dalmarucare.com/chungbuk/chungju 충주출장안마