NewsPolitic

နတ်ရေကန်ထဲ ပိတ်မိနေတဲ့ စကမတွေ လုံးပါးပါးနေပြီလို့ ပြော

အာရက္ခတိုင်းမ်စ် (၇ ဧပြီ ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်း အနီးပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေပြီး နတ်ရေကန်ဗျူဟာကုန်းတွင် ပိတ်မိနေတဲ့ စစ်ကော်မရှင်ရဲ့ တပ်သားတွေဟာ လုံးပါးပါးနေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ဗျူဟာကုန်းမှာ ပိတ်မိနေတဲ့ကောင်တွေကတော့ ပရုတ်လုံးလိုပဲ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး ပျောက်သွားလိမ့်မယ်။ ဘာလို့ အဲလို ပြောနိုင်လဲဆိုရင် စစ်ကူပို့တယ်၊ လမ်းမှာ ဖြတ်တိုက်ခံရတယ်။ စစ်ကူကမရောက်ပဲ အကျအဆုံးနဲ့ တပ်ပြန်ဆုတ်ရတယ်။ အပေါ်ကနေ ရိက္ခာတွေ ပို့တော့လည်း တဝက်တောင် သူတို့ဆီ မရောက်ဘူးလေ။ ဘယ်လို တောင့်ခံနိုင်မလဲ” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်း နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မတ်လဆန်းကတည်းက သိမ်းပိုက်ထားပါတယ်။

အဆိုပါ ကာကင်းကို သိမ်းပိုက်ခံလိုက်ရတာကြောင့် စစ်ကော်မရှင်ဟာ စစ်ကူနဲ့ လက်နက်ခဲယမ်းတွေကို ပဇီရွာ နဲ့ ဂုတ်ကြီးရွာဘက်ကနေ နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်နိုင်ရန် စစ်ကြောင်းတွေ အတင်းဝင်တိုးနေတာလည်း ဖြစ်ပါတယ်။

အထက်ပါကဲ့သို့ စစ်ကော်မရှင်က စစ်ကြောင်းထိုးဖို့ ကြိုးစားနေလို့ AA နဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

“ ဒီလို ဘာလို့ပြောလဲဆိုရင် ငဖဲမြို့ကိုတောင် စကမက မစိုးမိုးနိုင်တော့ဘူး။ သူ့နားရွက်ကို တော်လှန်ရေးအဖွဲ့တွေက တံတွေးဆွတ်သွားပြီ။ CDF အရှိုက ငဖဲမြို့ထဲထိဝင်ပြီးတော့ကို စကမ နားရွက်ကို တံတွေဆွတ်သွားပြီလေ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်လက်ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တပ်ဖွဲ့ဝင်တွေက ဧပြီလ ၄ရက် ည ၉နာရီကျော်ခန့်ကနေ ဧပြီလ ၅ ရက် မနက် ၁နာရီ မထိုးခင် အချိန်အထိ
ငဖဲမြို့ပေါ်ကို လက်နက်ခဲယမ်း၊ ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင် တပ်စွဲထားတဲ့ နေရာနဲ့ မီတာ၈၀၀ ခန့်အထိ ရောက်ခဲ့တယ်လို့ CDF-အရှိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုထားပါတယ်။

ငဖဲမြို့နယ်ဟာ မင်းဘူးခရိုင်ထဲမှာ ရှိပြီးတော့ ရက္ခိုင်ပြည် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ CDF-အရှိုလည်း ပါဝင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာ မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ဦး သေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်ထားပါတယ်။

Related posts

AA စစ်ဦးစီးချုပ်ပြောသလို ဝိတိုရိယတောင်ပေါ်တွင် ချင်းအလံထောင်နိုင်ပြီလို့ CDF-Kanpetlet ပြော

Rakhita Times

စစ်တွေဆိပ်ကမ်းမှာ ကုန်တင်/ကုန်ချကို စစ်တွေမှတ်ပုံတင်ရှိသူပဲ လုပ်ကိုင်ခွင့်ရ

Rakhita Times

မင်းပြားတွင် နေအိမ်တဆောင်မီးလောင်

Rakhita Times

Leave a Comment