Uncategorized

အထောက်အထား ရှိရှိ၊ မရှိရှိ ထိုင်းတွင် စာသင်ပေးပိုင်ခွင့်မရှိ

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၅)

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာတွေအနေနဲ့ အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆရာ၊ ဆရာမအဖြစ် စာသင်ကြားပိုင်ခွင့် မရှိဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ် ကော့ဖငန်းကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေတဲ့ မြန်မာစာသင်ကျောင်းတစ်ကျောင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီကျောင်းမှာ ပါဝင်ပတ်သက်သူတွေအားလုံးကို ခွင့်ပြုချက်မရှိဘဲ တရားဝင်ကျောင်း တည်ထောင်မှု နဲ့  အလုပ်လုပ်ခွင့် ပါမစ်မရှိသူတွေ အလုပ်လုပ်ကိုင်မှုတို့နဲ့ တရားစွဲဆိုခံထားရတယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တားမြစ်ထားတဲ့အလုပ်အကိုင်ထဲမှာ ဆရာ၊ ဆရာမ အလုပ်လည်း ပါဝင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးမင်းဦးက ပြောပါတယ်။

“ကျောင်းဖွင့်ခွင့်မရှိဘူး။ ကျောင်း ဆရာ၊ ဆရာမအလုပ်ဆိုတာလည်း လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒါကြောင့်မို့လို့လည်း ဖြစ်တာပါတာပေါ့။ ဒါပေမယ့် သူတို့ပြောတဲ့ပုံအရ ကလေးတွေမှာလည်း အထောက်အထား မရှိကြဘူး။ မိဘတွေ အများစုမှာလည်း အထောက်အထားမဲ့တွေ များတယ်လို့ သတင်းအရ သိရတယ်။ အထောက်အထား ရှိရှိ၊ မရှိရှိ ဆရာ၊ဆရာမ အလုပ်က ကျနော်တို့ လုပ်ခွင့်မရှိဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လေ။ တားမြစ်တဲ့ အလုပ်ထဲမှာ ပါတာကို” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒီလိုမျိုး မြန်မာစာသင်ကျောင်းတွေကို ဝင်ရောက်စစ်ဆေးတာတွေဟာ ပြီးခဲ့တဲ့ နှစ်တွေကလည်း ရှိခဲ့ပြီး အရေးယူခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အခုဖြစ်ပွားတဲ့ ကိစ္စမှာ တရားမ၀င်ကျောင်းဖွင့်တဲ့ မြန်မာလေးဦး ဖြစ်တဲ့ အေးမြသူဇာ ၄၀နှစ်၊ ရန်နိုင်စိုး ၃၁နှစ်၊ မြမြဝင်း ၃၃နှစ်နှင့် ချစ်ဖြိုးနောင် ၂၁နှစ်တို့ကို ရဲစခန်းမှာ ဖမ်းဆီးအရေးယူထားပြီး သူတို့ထဲက နှစ်ဦးကိုလည်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ တရားစွဲခံထားရကြောင်း သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးအရ ကြည့်ရင်တော့ မပြုလုပ်သင့်ဘူးမှန်ပေမယ့် သူ့နိုင်ငံရဲ့ ဥပဒေမှာက ပြဌာန်းထားတာဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်မရှိဘူးလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးအောင်ကျော်က အခုလိုပဲ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သို့သော် သူ့နိုင်ငံရဲ့ ဥပဒေကို လေ့လာလိုက်ပြန်တော့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားရဲ့ ကလေးတွေကို ထိုင်းအစိုးရကဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ ဝင်ရောက်ပညာသင်ကြားခွင့်ပြုထားတာရှိတယ်။ သို့သော် ကိုယ်ပိုင်စာသင်ကျောင်းတွေ ထောင်ပြီး ပြုလုပ်ခွင့် မပြုဘူးလို့ တားမြစ်ထားတယ်ဆိုတော့ စာသင်ကျောင်းတော်တော်များများ ဖွင့်လှစ်တာတွေရှိပါတယ် ထိုင်းနိုင်ငံမှာ။ ဒါကလည်း အခြေအနေရ တောင်းဆိုလာလို့ မိဘတွေက နေရပ်ဌာနီကို မပြန်နိုင်သေးတဲ့အခါ ကလေးတွေအတွက် ပညာသင်ကြားရေး ဆုံးရှုံးမခံရအောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေ ဖွင့်ပြီး သင်နေတာတွေ ရှိပါတယ်။ ဒါကိုလည်း ထိုင်းအစိုးရက ကြုံရင် ကြုံသလို လိုက်လံစစ်ဆေးပြီး ပိတ်သိမ်းနေတာတွေကိုလည်း ကြားသိနေရပါတယ်။ အလုပ်သမားနဲ့ ကလေးသူငယ်နဲ့ စာသင်တာ ခွဲခြားပြီး ပြောရရင် ဥပဒေကြောင်းအရကို ခွင့်မပြုထားတာ။ သူ့ရဲ့ ထိုင်းစာသင် အစိုးရကျောင်းတွေမှာ လျှောက်ထားပြီးမှ သင်ကြားခွင့်ပြုတယ်လို့ ဥပဒေမှာ ရေးထားတယ်။ ကိုယ့်ဘာသာကိုယ် ကိုယ့်စာပေကိုပဲ သပ်သပ်သင်မယ်ဆိုပြီး ဖွင့်တာတွေကို ခွင့်မပြုထားဘူး” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံရှိ ကျောင်းများတွင် မြန်မာကလေးများကို ဝန်ဆောင်မှုပေးနိုင်သော်လည်း မိဘများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သည့်အတွက် ကလေးများအနေနဲ့ ဝင်ခွင့်ရရှိခက်ခဲတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေက ဆိုပါတယ်။

Related posts

အာရက္ခတပ်တော်က ရက္ခိုင်နယ်စပ်အားလုံးကို ထိန်းချုပ်

Rakhita Times

ဂျလ်ဆာပွဲကို AA တက်ရောက်

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၂၃ စက်တင်ဘာ ၂၀၂၅)

Rakhita Times

Leave a Comment