NewsPolitic

ကျားမသောက်တပ်ရင်းကို AA တိုက်ခိုက်လို့ ရွေးတုအစိုးရတပ် သေဆုံး ထိခိုက်မှုရှိ

အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်က ရွေးတုအစိုးရတပ်ရဲ့ ကျားမသောက်တပ်ရင်းကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရွေးတုအစိုးရတပ်ဖွဲ့ဝင်တွေ သေဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“တပ်တော်က ကျားမသောက်တပ်ရင်းရယ် ရဲတပ်ရင်း ၁၂ ရယ် နောက် အခြား တပ်စခန်းကာကင်းတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်တယ်။ သေချာတာကတော့ ကျားမသောက်တပ်ရင်းထဲကို လက်နက်ကြီးကျလို့ စစ်တပ်က အသေအပျောက်တွေ ရှိတယ်။ အဲဒါကြောင့် အခု စစ်တွေမြို့ ပတ်ပတ်လည်ကို လုံခြုံရေးတွေ တိုးချတယ်။ ဘန်ကာတွေ ထပ်ဆောက်နေတယ်” လို့ စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျားမသောက်တပ်ရင်းကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီးနောက်မှာတော့ ရွေးတုအစိုးရဟာ ဆတ်ရိုးကျတံတားပတ်ဝန်းကျင်တွင် ဘန်ကာများ ထပ်မံဆောက်နေပြီး ကမ်းနားလမ်း ခြံစည်းရိုးကိုလည်း မိဇံရပ်ကွက် ဘီလူးမတံတားအထိ ထိုးထားပြီး ဘန်ကာအသစ်များလည်း ထပ်မံ တည်ဆောက်နေတယ်လို့ သိရပါတယ်။

ကျားမ‌သောက်တပ်ရင်းဟာ စစ်တွေမြို့နဲ့ ၄ မိုင်အကွာမှာတည်ရှိပြီး စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွက် မြို့ပြင်ပတ်လည် ခံစစ်စည်းတွင် အရေးပါတဲ့ တပ်ရင်းတစ်ခုဖြစ်ပြီး ပါဒလိတ်အမြောက်တပ်၊ အမှတ် (၁၂) ရဲတပ်ရင်း၊ ရွှေမင်းဂံရေတပ်စခန်းနဲ့ မလှမ်းမကမ်းတွင် တည်ရှိတာလည်း ဖြစ်ပါတယ်။

“တပ်တော်က ရွှေမင်းဂံရေတပ်နား ရောက်နေပြီလို့ ပြောလို့ရနေပြီလေ။ အဲတော့ ရွှေမင်းဂံက နေ့လား ညလား အနေအထားဖြစ်နေတော့ ဆတ်ရိုးကျကို အခိုင်အမာ ခုခံဖို့ လုပ်နေတာ။ ပြီးတော့ အရင်ကဆို ကမ်းနားလမ်းက ဘန်ကာတွေမှာ ညဖက်ဆို စစ်သားတွေ မစောင့်ကျဘူး။ အခုဆို နေ့ရော ညရော အဆိုင်းချပြီးကို စောင့်တယ်။ ကင်းကိုလည်း နာရီဝက် တစ်နာရီလောက်တစ်ခါ လှည့်နေတယ်” လို့ နောက်ထပ် စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့ ဆတ်ရိုးကျတံတားဟာ ရွှေမင်းဂံရေတပ်စခန်းနဲ့ ၂ မိုင်ခန့်သာ ကွာဝေးပြီး ဆတ်ရိုးကျတံတားအနီးတွင် အမှတ် ၁၂ ရဲတပ်ရင်း တည်ရှိပြီး စစ်တွေမြို့လည်မှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

Related posts

AA ၏ အောင်မြင်မှုနှင့် ရက္ခိုင်ပြည် အုပ်ချုပ်ရေး စိန်ခေါ်မှုများ

Rakhita Times

စကမရဲ့ လေကြောင်း ရေကြောင်းကနေ လက်နက်ကြီး ပတ်ခတ်တာနဲ့ ပတ်သက်ပြီး AA အရေးပေါ်ထုတ်ပြန်

Rakhita Times

ဘူးသီးတောင်တွင် AA ကြောင့် ကလေးငယ်အပါအဝင် မွတ်ဆလင် ၁၇၀ သေဆုံးခဲ့တယ်လို့ HRW ထုတ်ပြန်

Rakhita Times

Leave a Comment