အာရက္ခိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် တောင်ကုတ်မြို့တွင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့က ပြည်သူပိုင်ပစ္စည်း ခိုးယူသူ ၂၃ ယောက်နဲ့ ခိုးရာပါပစ္စည်း လက်ခံသူ ၆ ယောက် စုစုပေါင်း ၂၉ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့ရှိ လူမရှိတဲ့ နေအိမ်တွေကို ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူသူတွေကို DLEPS အနေနဲ့ ညအချိန်တွင် ကင်းလှည့်ကာ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
“အရင်ကတော့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့သူတွေက သူခိုးဖမ်းပေးတယ်။ အသိပညာပေးလုပ်တယ်၊ ခံဝန်ထိုးပြီး ပြန်လွှတ်တယ်။ ပြန်ခိုး၊ ပြန်ဖမ်းနဲ့ သံသရာလည်နေတာ။ အခုတော့ DLEPS က ဦးဆောင်ပြီး ဖမ်းဆီး အရေးယူတာလုပ်တော့ ပိုကောင်းတာပေါ့” လို့ တောင်ကုတ်ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ သူခိုးတွေဟာ အသက် ၁၇ နှစ်ကနေ ၃၇ နှစ်အတွင်းက ဖြစ်ပြီး အလုပ်အကိုင်မရှိလို့ စားဝတ်နေရေးကြပ်တည်းတာကြောင့် ခိုးရတာဖြစ်တယ်လို့ ပြောကြားကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။
“အဓိကကတော့ သူခိုးလက်ခံ ခိုးရာပါပစ္စည်းတွေကို လက်ခံဝယ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်။ သူတို့ ဟိုဟာခိုး၊ အဲဒါက စျေးကောင်းရတယ်။ အဲလို လုပ်စားနေတာ။ ဝယ်မယ့်သူမရှိရင် ခိုးမယ့်သူလည်း ရှိတော့မှာ မဟုတ်ဘူး” လို့ တောင်ကုတ်ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိ ဖမ်းဆီးမိထားတဲ့ သူခိုးနဲ့ ခိုးရာပါပစ္စည်းလက်ခံသူ ၂၉ ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အရေးယူထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
