ArticelsEducation

“အာရက္ခပညာရေးနှင့် ကျူရှင်စနစ်၏ အလားအလာ”

ကျူရှင်စနစ်ကို အင်္ဂလိပ်လို Private Supplementary Tutoring (PST) or Private Tutoring ဟူ၍ ခေါ်ဆိုကြသည်။ ပညာရေး သုတေသနများတွင် “Shadow Education” (ကျောင်းပြင်ပ ဖြည့်စွက်ပညာရေး) ဟု ခေါ်ဆိုကြသည်။ အာရှနိုင်ငံများတွင်သာမက ကမ္ဘာတစ်ဝန်းတွင်ရှိသော ပညာရေးဖြစ်စဥ်တစ်ခု ဖြစ်သည်။ ADB ၏ အာရှဆိုင်ရာ လေ့လာမှုများတွင် အာဆီယံနိုင်ငံ အများစုကို Private Supplementary Tutoring ဖြစ်ပေါ်နေသော နိုင်ငံများအဖြစ် ထည့်သွင်းထားပါသည်။ အာဆီယံနိုင်ငံ အများစု၌ ကျူရှင်စနစ် အားကောင်းကြသလို အထူးသဖြင့် စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံများတွင် ကျူရှင်စနစ်က သီးခြား စီးပွားရေးကဏ္ဍ တစ်ခုအနေနှင့်ပင် ဖွံ့ဖြိုးလာသည်ဟု လေ့လာ တွေ့ရှိရပါသည်။ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် လာအိုနိုင်ငံများတွင် ကျောင်းဆရာများ အနေနှင့် ဝင်ငွေ ဖြည့်တင်းနိုင်ရန်အတွက် ကျောင်းပြင်ပ ကျူရှင်ပေးသည့် စနစ်ကို ဆောင်ရွက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံတွင်လည်း Bimbingan Belajar ဟူသော ကျူရှင်စနစ်မျိုး ရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ၌လည်း ကျူရှင်စနစ် အင်မတန် အားကောင်းလှသည်။ အိန္ဒိယတွင် Private Tutoring နှင့် Coaching က အလွန်ကြီးမားသည့် ပညာရေးကဏ္ဍများ ဖြစ်သည်။

JEE ခေါ် အင်ဂျင်နီယာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၊ NEET ခေါ် ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၊ UPSC ၏ CSE ခေါ် အစိုးရဝန်ထမ်း ရွေးချယ်ရေးစာမေးပွဲ၊ ထို့အပြင် Board Examination အတွက်ပါ Coaching Centre ခေါ် ပြင်ပကျူရှင်များ၊ သင်တန်းကျောင်းများမှာ အလွန် အရေးပါလှသည်။ Coaching က အရေးကြီးသည့်အတွက် Coaching Culture ဆိုသော စကားလုံးကိုပင် သုံးစွဲကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း Board Examination အတွက်သာမက၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများအတွက်ပါ Private Tutor များ၊ Coaching များက အရေးပါလှသည်။

ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်ဝမ် စသည့် နိုင်ငံများ၌ ကျူရှင်သည် ကျောင်းသားများ၏ ပညာရေးကဏ္ဍ၌ အလွန် အရေးပါလှသလို ၂၀၂၁ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ မူလတန်းကျောင်းသား ၈၂ ရာခိုင်နှုန်းက Private Tutoring တစ်မျိုးမဟုတ် တစ်မျိုးရှိကြောင်း UNESCO က ဖော်ပြထားပါသည်။ Private Tutoring အနေဖြင့် ယနေ့ခေတ်၏ global phenomenon (ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်) ဖြစ်လာပြီဟုပင် ဖော်ပြခဲ့ပါသည်။ အင်္ဂလန်/UK နိုင်ငံများမှာပင် ကျူရှင်စနစ် ရှိသလို ဂျပန်၏ Juku၊ တောင်ကိုရီးယား၏ Hagwon၊ ထိုင်ဝမ်၏ Buxiban များသည် ကမ္ဘာ့ နာမည်ကြီး ကျောင်းပြင်ပ ပုံစံများ ဖြစ်သည်။

မြန်မာပြည်တွင်လည်း စစ်တမ်းတစ်ခုက အထက်တန်း၏ နောက်ဆုံးတန်း ကျောင်းသားများကို လေ့လာကြည့်ရာတွင် ၇၈.၇ ရာခိုင်နှုန်းခန့် ပြင်ပကျူရှင်များ ရှိကြောင်း တွေ့ရပါသည်။

ယခု အချက်အလက်များသည် ကျူရှင်စနစ်နှင့် ပတ်သက်၍ စာရေးသူအနေနှင့် လက်လှမ်းမီသလောက် အချက်အလက်များကို လေ့လာ စုစည်းထားခြင်း ဖြစ်ပါသည်။

မိမိတို့၏ ရက္ခိုင်ပြည်၌လည်း ယခုချိန်အထိ ကျောင်းပြင်ပ ကျူရှင်စနစ်များ နည်းလမ်းမျိုးစုံနှင့် တွင်တွင်ကျယ်ကျယ် ရှိနေဆဲပေ။ လွန်ခဲ့သည် ဆယ်စုနှစ်များကပင် ဆရာ၊ ဆရာမများအနေနှင့် လစာငွေ နည်းပါးမှုကြောင့် ကျောင်းပြင်ပ ဝင်ငွေရရှိစေရန် ပြင်ပကျူရှင် သင်ကြားကြသလို၊ မိဘများအနေဖြင့်လည်း မိမိတို့ သားသမီး ကျောင်းစာ ပိုမို လိုက်နိုင်စေရန်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရစေရန် ပြင်ပ ကျူရှင်ထားကြသည်။

စနစ်တစ်ခု၌ ကောင်းကျိုးရှိသလို၊ ဆိုးကျိုးလည်း ရှိတတ်ပါသည်။ တချို့ ဆရာ၊ ဆရာမများအနေနှင့် ကျောင်းစာသင်ချိန်၌ အားစိုက်ထုတ်ပြီး စာသင်ကြားမှု မပြုခြင်း၊ မိမိထံ၌ ကျူရှင်လာတက်ရောက်ရန် ကျောင်းသားများအပေါ် အတင်းအကျပ် ဖိအားပေးခြင်း စသည့် အခြေအနေများလည်း ရှိလာပါသည်။ အတန်းပိုင်ကျူရှင်ဟု ခေါ်သော ယဥ်ကျေးမှုများလည်း ပြည်မမှာကော၊ ရက္ခိုင်ဒေသမှာပါ ယခင်ကာလများ၌ အင်မတန် ခေတ်စားခဲ့ပါသေးသည်။ အတန်းပိုင် ကျူရှင် မတက်နိုင်သဖြင့် အတန်းထဲ၌ မျက်နှာသာမရခြင်း၊ ခွဲခြား ဆက်ဆံခံရခြင်း စသည့် ဖြစ်စဥ်များလည်း ရှိပါသေးသည်။ အမှတ်ကောင်းကောင်း ရမှ လိုင်းကောင်းကောင်း ရမည့် တက္ကသိုလ်ဝင်တန်း ရောက်သည့်အခါ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို နာမည်ကြီး ကျူရှင်များ၊ ဘော်ဒါဆောင်များ၌ ထားကြသလို ကိုယ်ပိုင်ကျောင်းများ ပေါ်ပေါက်လာသည့်အခါ ကိုယ်ပိုင်ကျောင်းများ၌ ထားကြသည်။ ကိုယ်ပိုင်ကျောင်းများမှာပင် ကျောင်းပြင်ပ ကျူရှင်များ တက်ရောက်နိုင်သေးသည်။ ငွေကြေးအင်အား နည်းပါးသော မိဘများ၊ ဆင်းရဲချို့တဲ့သော မိဘများပင်လျှင် မိမိတို့ တတ်နိုင်သည့် လက်လှမ်းမီရာ ကျူရှင်များ၌ သားသမီးကို ထားကြရသည်။ ငွေကြေး လုံးဝ မတတ်နိုင်သည့် မိဘများသာ သားသမီးကို ပြင်ပကျူရှင် မထားနိုင်ပေ။ ထိုအခါ အစိုးရကျောင်းကိုပင် အားကိုးရလေသည်။ အစိုးရ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းချိန်အတွင်း အားသွန်ခွန်စိုက် သင်ကြား ပြသပေးသူများ ရှိသလို၊ ကျောင်းချိန်တွင်း၌ တာဝန်ကျေရုံမျှသာ သင်ကြားကြသူများ၊ တချို့ဆိုလျှင် သင်ခန်းစာကိုပင် ပြီးမြောက်အောင် သင်ကြားမပေးမှုများ ရှိသည့်အခါ ကျူရှင်မတက်နိုင်သော ကျောင်းသားများအဖို့ တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်နိုင်ဖို့ အင်မတန် ခက်ခဲလှသည်။ ပင်ကိုယ်ပါရမီ ရှိသူများနှင့် စာအလွန် ကြိုးစားသူ အနည်းအကျဥ်းလောက်သာ ထူးချွန်စွာ အောင်မြင်ကြသည်။ သို့သော် ဘာသာရပ်ပြ ဆရာ၊ ဆရာမ အင်အား လုံလောက်မှုမရှိသည့် နယ်ဖက် စာသင်ကျောင်းများ၌ တက်ရောက်ရသည့် ကျောင်းသားများအတွက် ပြင်ပကျူရှင် မရှိပါက ဂုဏ်ထူးများစွာနှင့် အောင်မြင်ဖို့ အင်မတန် ခက်ခဲလှပါသည်။

စာရေးသူ စေတနာ့ဝန်ထမ်း ဆရာအဖြစ် လုပ်ကိုင်လျက်ရှိသည့် ကျောင်းမှာပင် ယခုနှစ်တွင် မြို့ပေါ်သို့ ရူပဗေဒ ဆရာမ ပြောင်းရွှေ့သွားသည့်အတွက် ရူပဗေဒစာသင်ချိန် လစ်လပ်နေသည်မှာ နှစ်လခန့် ရှိပြီ ဖြစ်သည်။ ပညာသင်နှစ် တစ်နှစ်တွင် နှစ်လဆိုသည့် အချိန်ကာလသည့် နည်းနည်းနောနော ကာလ မဟုတ်ပေ။ ထို့ပြင် လစ်လပ်နေသည့် နေရာတွင် အစားဝင် ရူပဗေဒ ဆရာမတစ်ယောက် ဘယ်အချိန်မှာ တာဝန်ကျလာမည်ကိုလည်း တိတိကျကျ မသိရပေ။

အကယ်၍ လစ်လပ်နေသော နေရာ၌ စေတနာ့ဝန်ထမ်း ဆရာတစ်ယောက်ကို ခေါ်ယူမည်ဆိုလျှင်လည်း ကျွမ်းကျွမ်းကျင်ကျင် ပြသနိုင်မည့် ဆရာ အင်မတန် ရှားပါးလှသည်။ စာရေးသူတို့ ကျောင်း၌ စစ်ဘေးရှောင်ရင်း ရောက်ရှိနေကြသည့် စာတော်သော ကျောင်းသားများ ရှိသလို၊ ဂုဏ်ထူးမှန်းထားသော ဒေသခံကျောင်းသားများလည်း ရှိပေသည်။ ပြင်ပကျူရှင် တက်ရောက်နိုင်သော ကျောင်းသားများအဖို့ အခက်ခဲ မဖြစ်နိုင်သော်လည်း၊ အစိုးရ စာသင်ကျောင်းတစ်ခုကိုသာ အားကိုးပြီး တက်ရောက်နေကြသော ငွေကြေး မတတ်နိုင်သော ကျောင်းသားများအတွက် အလွန် အခက်ခဲ ဖြစ်ရပါသည်။ အာရက္ခအစိုးရအနေဖြင့် ဆေးကျောင်းဝင်ခွင့်၊ သူနာပြုသိပ္ပံဝင်ခွင့်၊ နည်းပညာဝင်ခွင့်များ ခေါ်ယူရာ၌ ဘာသာရပ် လိုအပ်ချက်အရ အမှတ် ကန့်သက်ချက်များ မဖြစ်မနေ လုပ်ရသည့်အခါ၊ အမှတ် ယှဥ်ပြိုင်ရသည့် စနစ်တွင် သင်ခန်းစာများကို ကျောင်းသားတိုင်း တန်းတူ သင်ကြားခွင့် ရရှိဖို့ လိုအပ်လာပေသည်။ အနိမ့်ဆုံးအဆင့် အနေဖြင့် အထက်တန်းကျောင်းတိုင်း၌ ဘာသာရပ်ပြ ဆရာ၊ ဆရာမ အလုံအလောက် ရှိနေရန် လိုအပ်ပေသည်။ ပြင်ပကျူရှင်ကို အားကိုးရန် မလိုအပ်သည်အထိ အစိုးရကျောင်းဖက်က သင်ကြားပေးနိုင်ရန် လိုအပ်ပါသည်။ အစိုးရကျောင်း တစ်ကျောင်းအနေဖြင့် ဘာသာရပ်ပြ ဆရာ၊ ဆရာမ လုံလုံလောက်လောက်နှင့် သင်ကြားပေးနိုင်လျှင်ပင် ငွေကြေးတတ်နိုင်သည့် မိဘများအနေဖြင့် မိမိတို့ သားသမီးများ ရမှတ် ပိုမို မြင့်မြင့်မားမား ရရှိစေရန် ပြင်ပကျူရှင်များကို နည်းလမ်းပေါင်းစုံနှင့် ဆက်ထား နေကြပါလိမ့်မည်။

အမှတ်စနစ်သည် ပြိုင်ဆိုင်မှု ဖြစ်သလို သူ့ထက်ငါ အသာရရေးအတွက် ကျောင်းသားများ၊ မိဘများအနေနှင့်လည်း အထောက်အပံ့ နည်းလမ်းပေါင်းစုံကို သုံးကြမည်မှာ မလွဲဧကန်ပေ။ အရေးကြီးသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အမှတ်လုံးဝ မကန့်သတ်ဖို့ကလည်း မဖြစ်နိုင်ပေ။

လက်ရှိ စစ်ပွဲကာလအတွင်း၌ အခက်ခဲပေါင်းစုံနှင့် သားသမီးကို ကျောင်းထားပေးနေရသည့် မိဘများအနေနှင့် ပြင်ပ ကျူရှင်ထားနိုင်ဖို့ မလွယ်ကူနိုင်ပေ။ ပြင်ပကျူရှင် မတက်လျှင် အမှတ်ကောင်းကောင်း ရနိုင်ဖို့ မလွယ်သည့် အားနည်းချက်များလည်း ရှိနေပေသည်။ မြို့ပေါ်နှင့် နယ်ဖက် ကွာဟချက်၊ ဘာသာရပ်ပြကျွမ်းကျင်ဆရာမ ကွာဟချက်များကလည်း ရှိသေးသည်။ ကျူရှင်စနစ် လျော့ပါးလာဖို့ဆိုလျှင် အစိုးရ စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမ အင်အားလုံလောက်စွာ ဖြည့်တင်းပေးဖို့ လိုအပ်သလို၊ မိမိတို့ ပြသမည့် ဘာသာရပ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပေသည်။ တစ်ဖက်တွင်လည်း အစိုးရဝန်ထမ်း ဆရာ၊ ဆရာမ များကို ပြင်ပကျူရှင် မပြစေလိုလျှင် သို့မဟုတ် ကျူရှင်ပြသခြင်းကို ကန့်သတ်လိုလျှင် လစာငွေပမာဏကိုလည်း ခေတ်နှင့်လျော်ညီစွာ တိုးပေးနိုင်ရန် လိုအပ်သည်။ သို့သော် လက်ရှိကာလ၌ ဆရာ၊ ဆရာမများ၏ လစာကို ခေတ်ကာလ ကုန်စျေးနှုန်းများနှင့် လျော်ညီစွာ အတိုင်းတာတစ်ခုထိ တိုးပေးနိုင်ရန်လည်း မိမိတို့ အစိုးရအနေဖြင့် အခက်ခဲ ရှိနိုင်ပါသည်။

တည်ငြိမ်သော ကာလတစ်ခုသို့ ရောက်လျှင် ပြင်ပကျူရှင်များ၊ သင်ကြားရေးစင်တာများကို မိမိတို့ အစိုးရအနေနှင့် တရားဝင် ဖွင့်လှစ်ခွင့်ပေးမည်လား၊ ပုဂ္ဂိလက ကိုယ်ပိုင်ကျောင်းများ တည်ထောင်ခွင့် ပေးမည်လားကတော့ စောင့်ကြည့်ရမည် ဖြစ်သည်။ အတောမသတ်နိုင်သော လူတို့၏ လိုအင်ဆန္ဒများ အကြားတွင်၊ ခေတ်အဆက်ဆက် ယှဥ်ပြိုင်လာကြသည့် အမှတ် ပြိုင်ဆိုင်မှုများကြားတွင် မိမိတို့ ရက္ခိုင်ဒေသ၌ ကျောင်းပြင်ပ ကျူရှင်စနစ် လုံးဝ ပပျောက်သွားမည်လား၊ သို့တည်းမဟုတ် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက် တည်ရှိနေမည်လား ဆိုသည်ကတော့…………။

စိုးလင်းထက်(ဘူမိ)

Related posts

ရက္ခိုင်တိုက်ပွဲရှောင်တွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား

Rakhita Times

ရှုခင်းသာ “လ” ကို မေးကြည့်ခြင်း

Rakhita Times

ခြိမ်းခြောက်လာသော လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားမှုနှင့် အမျိုးသမီးအခွင့်အရေး

Rakhita Times

Leave a Comment