EducationHealthNewsPolitic

၁၀၂၇ စစ်ဆင်ရေး ၃ နှစ်ပြည့် လောက်ကိုင်မှာ သူနာပြုသင်တန်းကျောင်းဖွင့်၊ AA အပါအဝင် မဟာမိတ်ကိုယ်စားလှယ်တွေ တက်ရောက်

အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၆)

၁၀၂၇ စစ်ဆင်ရေး (၃) နှစ်ပြည့်တဲ့ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ လောက်ကိုင်မြို့ ကျန်းမာရေးဌာနရုံးတွင် လောက်ကိုင် ဆေး၊ သူနာပြုနှင့် ကျန်းမာရေးသိပ္ပံတက္ကသိုလ် (LUMNHS) ရဲ့ သူနာပြုသင်တန်းကျောင်း (School of Nursing) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ Peng Deren၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးထွန်းမြတ်လင်းတို့နဲ့အတူ အာရက္ခတပ်တော် (ULA/AA)၊ PSLF/TNLA၊ SSPP/SSA၊ KNDF တို့က ကိုယ်စားလှယ်တွေနဲ့ အပတ်စဉ် (၁) ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် ဦးထွန်းမြတ်လင်းက အဖွင့်အမှာစကားမှာ ဒီကျောင်းဖွင့်နိုင်တာဟာ ပြည်သူတွေကို ထားတဲ့ ကတိအတိုင်း ဒေသတည်ငြိမ်ရေးနဲ့ ပညာသင်ကြားရေးကို လက်တွေ့လုပ်ဆောင်တာလို့ ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့သူတွေကို ဂုဏ်ပြုကြောင်းနဲ့ MNDAA အပါအဝင် မဟာမိတ်တပ်တွေရဲ့ စစ်ရေးအောင်မြင်မှုကနေ ပြည်သူတွေအတွက် လူမှုဘဝတွေကို တည်ဆောက်ပေးသွားမယ်လို့လည်း ပြောပါတယ်။

LUMNHS သူနာပြုကျောင်းအုပ်ကြီး Dr. Steven ကတော့ ယခင်က ကျားဖြန့်အပါအဝင် ဒုစရိုက်လုပ်ငန်းတွေ လုပ်ခဲ့တဲ့ အဆောက်အအုံတွေကို ဖျက်သိမ်းပြီး “Harm to Healing” ခံယူချက်နဲ့ ကျန်းမာရေးနဲ့ အဆင့်မြင့်ပညာရေး တက္ကသိုလ်အဖြစ် ပြောင်းလဲလိုက်တယ်လို့ ရှင်းပြပါတယ်။ တက္ကသိုလ်က သူနာပြုသိပ္ပံဘွဲ့ (BNSc) သင်တန်းတွေ သင်ကြားပေးမယ်ဖြစ်ပြီး အထူးဒေသ (၁) ကနေ မြန်မာပြည်သူတစ်ရပ်လုံးကို ကျန်းမာရေးစောင့်ရှောက်မှု ချဲ့ထွင်ပေးဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

CDM ဂျိန်းဖောတိုင်းရင်းသူ Clinical Instructor ဒေါ်ဒင်းဂရမ်ဘောက်ဆန်က ရှေ့တန်းအရေးပေါ်အခြေအနေ အတွေ့အကြုံတွေကို အခြေခံပြီး စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပေးမယ်လို့ ပြောပါတယ်။ ရှေ့တန်း Medic ကျောင်းသူ မနန်းချိုရီနဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်ပြီး ပညာသင်ဆု (Full Scholarship) နဲ့ လာတက်တဲ့ မန္တလေးသူနာပြုတက္ကသိုလ် CDM ကျောင်းသား မောင်မင်းခန့်ဇော်တို့ကလည်း ပြည်သူတွေကို ပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

အခမ်းအနားကို ညနေပိုင်းမှာ ပြီးဆုံးခဲ့ပြီး တက်ရောက်လာသူတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

Related posts

မရဏနာရီ (ဒုတိယပိုင်း)

Rakhita Times

ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်း၊ နေရာအနှံ့ မိုးကြီးနိုင်

Rakhita Times

ပလက်ဝက စစ်သုံ့ပန်း နဲ့ အကျဉ်းသား ၃၀ ဦးကို AA ပြန်လွှတ်ပေး

Rakhita Times

Leave a Comment