အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ လင်းသာပ်ကွက်ကို စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းမှာ လေကြောင်းက ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ဒေသခံ ညီအစ်မ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒီကနေ့ ညနေ ၅ နာရီ ၂၀ မိနစ်မှာ တစ်ကြိမ်၊ ၅ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် လင်းသာရပ်ကွက်အတွင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လင်းသာဘုန်းကြီးကျောင်းရှေ့နဲ့ ကျောင်းနောက်ဘက်က အုန်းခင်းထဲကို ဗုံးသီးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် လင်းသာကျေးရွာမှာ နေထိုင်တဲ့ ညီအစ်မ ၂ ဦး ဗုံးစထိမှန်ပြီး အသက်ဆုံးရှုံးခဲ့တယ်လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဟုတ်ပါတယ် သူ့အမက ရန်ကုန်မှာ အလုပ်လုပ်နေတာ၊ အခု သူ့ညီမ နှစ်ယောက်လုံး ဆုံးတော့ အရူးမီးဝိုင်းနေသလိုပဲ။ ကျမတို့လည်း ငိုရုံက ဘာမှ မတတ်နိုင်ဘူးလေ။ စစ်ကို စစ်နဲ့တူအောင် တိုက်ကြပါ။ ကြားက အပြစ်မဲ့သူတွေ ဘယ်လောက်တောင် သေပေးကြရအုန်းမှာလဲ” လို့ သေဆုံးသူညီအမနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က မနေ့က နိုဝင်ဘာလ ၁၇ ရက်မှာလည်း သံတွဲမြို့ပေါ်က GTI ကျောင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ဦးသေပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
