အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့နယ်တွင် နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှုများနဲ့အတူ နှာခေါင်းစည်း (Mask) များကိုလည်း ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။
နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ DLEPS (ရဲတပ်ဖွဲ့) ဝင်များ၊HDCO ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူများ စုပေါင်းပြီး ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။
လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။
နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများကို နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
