ArticelsPolitic

ချစ်ခြင်းမေတ္တာဖြင့် ဖန်တီးထားသော ချစ်သူစုံတွဲများ၏ နှလုံးသားပေါင်းကူးတံတား ခမီရိုးရာဝါးစောင်းတူရိယာ

🖌️မင်းသုတ🖌️

ရက္ခိုင်ပြည်တွင် ရက္ခိုင်လူမျိုး၏ မျိုးနွယ်စုဝင်များဖြစ်ကြသည့် ခမီ၊ မြို၊ သက်၊ ဒိုင်းနက် (သက္ကမ)၊ မရမာကြီးနှင့် ကမန်ဆိုသည့် လူမျိုး (၆) မျိုး ရှိသည်။ အဆိုပါ မျိုးနွယ်စုတိုင်းတွင် လူမျိုးကို ကိုယ်စားပြုသည့် ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ကိုယ်စီ ရှိကြလေသည်။ ခမီလူမျိုးတွင် ကောက်သစ် ထမင်းစားပွဲနှင့် ဝါးစောင်း (ဝါးတူရိယာ) တီးခတ်းခြင်းမှာ ထင်ရှားပါသည်။ ဝါးစောင်းဆိုသည်မှာ ဝါးဖြင့် ပြုလုပ်ထားသည့် တူရိယာတစ်မျိုး ဖြစ်သည်။ ဝါးစောင်း (ဝါးတူရိယာ) ကို ခမီအခေါ် “ဆထင်ဝါ” ဆိုသည့် ဝါးဖြင့် ပြုလုပ်ရသည်။ ရက္ခိုင်အခေါ် “သရဖူဝါး” ဟု သိရသည်။ ခမီအခေါ် “မလွန်ဝါး” တစ်မျိုးဖြင့်လည်း ပြုလုပ်နိုင်သည်ဟု သိရပါသည်။ အဆိုပါ ဝါးများသည် အဆစ်ရှည်ပြီး အရေပြားထူသည့် ဝါးအမျိုးအစားဟု ဆိုသည်။ ကြိုးအဖြစ် ဂီတာကြိုးနံပါတ် (၂) ကို အသုံးပြုရသည်။ တစ်ဖက်တွင် (၅) ပင် ထားရသည်။ ​အခြားတစ်ဖက်တွင် (၄) ပင် ထားပေးရကြောင်း သိရသည်။ ကြိုး ငါးပင် ထားရသည့်ဖက်သည် ပင်မ တီးခတ်ရသည့် ကြိုးများ ဖြစ်သည်။ ခမီ​ဘာသာစကားဖြင့် “တရှဲနု” ဟု ခေါ်ဆိုသည်။ ကြိုး လေးပင်သည် Harmony အဖြစ် လိုက်ပေးရခြင်းဖြစ်သည်။ ပင်မ ဂီတသံကို ပိုပြီး သာယာနာပျော်ဖွယ်ဖြစ်အောင် ဘေးနားက ဂီတပါရမီ ဖြည့်ပေးရခြင်းမျိုး ဖြစ်သည်။ ခမီဘာသာစကားဖြင့် “ဒေါနု” ဟု ခေါ်ဆိုသည်။

အဆိုပါ ဝါးစောင်းတူရိယာကို လူပျို အပျို လှည့်သည့်အခါနှင့် နာရေးပွဲများတွင် တီးခတ်လေ့ ရှိသည်ဟု သိရသည်။ အထူးသဖြင့် လူပျို အပျို လှည့်သည့်အခါ အသုံးပြု တီးခတ်လေ့ ရှိကြသည်။ လူပျို အပျို လှည့်လည်ခြင်းဆိုသည်မှာ ရက္ခိုင်ဝေါဟာရဖြင့် “ရွာလည်” သည်ကို ပြောဆိုခြင်း ဖြစ်သည်။ လူပျိုများက မိမိချစ်ခင် နှစ်သက်သည့် အမျိုးသမီးပျိုကို ချစ်ရေးဆို (ရည်းစားစကားပြောဆို) ရန် အမျိုးသမီးပျိုများ အိပ်စက်သည့် အိမ်များကို လူပျိုအဖွဲ့အသားများက သွားရောက်ခြင်းလည်း ဖြစ်သည်။ တီးသည့်အခါလည်း လူပျို (အမျိုးသား) နှင့် အပျို (အမျိုးသမီး) စုံတွဲ တီးခတ်ရသည်။ လူပျို အပျို လှည့်လည်ရာတွင် တီးခတ်ရသဖြင့် အိမ်ထောင်သည်များ မတီးခတ်ရကြောင်း သတ်မှတ်ချက် ချထားလေ့ ရှိသည်။ လူပျို၊ အပျိုများ ချစ်ရေးဆိုသည့်အခါ အသုံးပြု တီးခတ်ရခြင်းဖြစ်သောကြောင့်လည်း မောင်နှမ တော်စပ်သူများအနေဖြင့် မတီးရဟု သတ်မှတ်ချက် ထားရှိလေသည်။ လူပျို၊ အပျိုလှည့် (ရွာလည်) ခြင်းသည် ညည့်အချိန်တွင် ပြုလုပ်လေ့ ရှိသည့် ဓလေ့တစ်ခု ဖြစ်သည်။ တစ်ရွာတည်းသားအချင်းချင်း လူပျို၊ အပျို လှည့်လည်ခြင်းမျိုး ရှိသလို တစ်ရွာမှ တခြားတစ်ရွာသို့ သွားရောက် လှည့်လည်ခြင်းမျိုးလည်း ရှိတတ်သည်။

တစ်ရွာတည်းသားချင်း ဆိုပါက မည်သူတစ်ဦးတစ်ယောက်ထံမှလည်း ခွင့်ပြုချက် တောင်းခံစရာ မလိုအပ်ပေ။ တခြားတစ်ရွာမှ အာဂန္တုဖြစ်ပါက သက်ဆိုင်ရာ ရွာအတွင်းရှိ လူပျိုကြီးထံက ခွင့်ပြုချက်ကို ရယူရသည်။ ရက္ခိုင်လူမျိုးတွင် လူပျို၊ အပျို အသင်းရှိကာ လူ​ပျိုကြီး၊ အပျိုကြီးလည်း ရွာတိုင်းတွင် ရှိကြသည်။ ခမီလူမျိုးတွင်လည်း ရှိလေသည်။ လူပျိုကြီးဆိုသည်မှာ လူပျိုခေါင်းဆောင် ဖြစ်သည်။ အပျိုကြီးဆိုသည်မှာလည်း အပျိုခေါင်းဆောင်ပင်ဖြစ်သည်။ လူပျို၊ အပျိုများထဲတွင် လူပျိုကြီးနှင့် အပျိုကြီးများသည် ဩဇာအရှိဆုံး ဖြစ်ကြသည်။ လူပျို၊ အပျိုအားလုံးကို ဦးစီး ဦးဆောင် ပြုလုပ်ကြရသည်။ ရပ်ရွာအတွင်း ပွဲလမ်းသဘင်များ ကျရောက်ရာတွင်လည်း လူပျို၊ အပျိုများက ဦးဆောင် တာဝန်ယူ ဆောင်ရွက်ကြရသည်။ ခမီဓလေ့ရိုးရာ လူပျိုလှည့်ရာတွင်လည်း တခြားရွာက ဧည့်သည် အာဂန္တုများ ဖြစ်ပါက ရွာခံလူပျိုကြီးက တာဝန်ယူ ဆောင်ရွက်ပေးရသည်။ မိဘများထံက ခွင့်ပြုချက် တောင်းပေးရသည်။ မိဘ၊ မောင်နှမများကလည်း ကြည်ဖြူစွာ ခွင့်ပြုပေးရသည်။ လူပျိုလှည့်မည့်သူများကိုလည်း စစ်ဆေးရသည်မျိုး ရှိသည်။ လူပျိုလှည့်မည့်သူသည် အိမ်ထောင်သည် ဟုတ်၊ မဟုတ်နှင့် လူပျို ဟုတ်၊ မဟုတ်ကို စစ်ဆေးမေးမြန်းရသည်။ ချစ်ရေးဆိုမည့် အမျိုးသမီးနှင့် ဆွေမျိုး (အထူးသဖြင့် မောင်နှမ) တော်စပ်၊ မတော်စပ်ကိုလည်း အဓိကထား၍ စုံစမ်းမေးမြန်းရသည်။ မောင်နှမ ဆွေးမျိုးသားချင်း တော်စပ်ပါက လူပျိုလှည့်ခွင့် (ချစ်ရေးဆိုခွင့်) မရှိပေ။

လူပျိုလှည့်သည့်ခါ ဝါးစောင်းကို တီးခတ်ထားရသည်။ လူပျိုလှည့် (ချစ်ရေးဆိုမည့်အမျိုးသားနှင့်) ချစ်ရေးအဆိုခံမည့် အမျိုးသမီးပျိုက တီးခတ်ရသည်။ ဝါးစောင်းကို နှစ်ယောက်သား တီးခတ်ကာ ချစ်ရေးဆိုခြင်း (ရည်းစားစကားပြောခြင်း) ဖြစ်သည်။ အမျိုးသမီးပျို အိပ်စက်သည့် အခန်းထဲအတွင်း တီးခတ်ရခြင်းဖြစ်သည်။ ဗွီဒီယို၊ ရုပ်ရှင်ဇာတ်ကားများတွင် ဇာတ်လိုက်နှင့် ဇာတ်လိုက်မ (မင်းသားနှင့် မင်းသမီး) နှစ်ဦး အပြန်အလှန် စကားပြောဆိုနေသည့် ဇာတ်ဝင်ခန်းများတွင် ဇာတ်ဝင်တေး သီဆိုအားဖြည့်ပေးထားသည့်အလား ဖြစ်နေရသည်။ လပြည့်ည၊ လကွယ်ည မည်သည့်ညအချိန်တွင်မဆို လွတ်လပ်စွာ ချစ်ရေးဆို တီးခတ်နိုင်ပါသည်။ အချိန်ကိုလည်း ကန့်သတ်ထားခြင်း မရှိပေ။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး လူပျိုလှည့်ကာ ချစ်ရေးဆိုနိုင်ပါသည်။ တစ်ကြိမ်လှည့်လည်ရာတွင် အမျိုးသားတစ်ယော​က်က အမျိုးသမီးတစ်ယော​က်တည်းကိုသာ ချစ်ရေးဆိုရမည်ဟု ပညတ်ထားခြင်းလည်း မရှိပါ။ လူပျိုလှည့်ရန် လာရောက်ကြသည့် အမျိုးသားများထဲက လူပျိုလှည့်လည်သည့်အိမ်တွင် မိမိ နှစ်သက်ချစ်ခင်သည့် အမျိုးသမီးကိုလည်း ဝါးစောင်းတူရိယာ တီးခတ်ကာ ချစ်ရေးဆိုနိုင်သည်။

ဤနေရာတွင် လူပျိုလှည့် (ချစ်ရေးဆို) ရန် လာရော​က်ကြသည့် သူငယ်ချင်း အချင်းချင်းလည်း နှလုံးသားခံစားချ​က်ချင်း ကိုယ်ချင်းစာတရား ထားရှိရန် လိုအပ်သလို သဘောထားကြီးပေးရန်လည်း လိုအပ်ပါသည်။ မိမိတစ်ယောက်တည်းက ဒိုင်ခံကာ တီးခတ် ပြောဆိုမည်ဆိုပါက သူငယ်ချင်း အချင်းချင်း လူမှုရေးကို ထိခိုက်နိုင်ပါသည်။ အမျိုးသမီးပျို တစ်ယောက်တည်းကိုလည်း အမျိုးသား နှစ်ယောက် (ယင်းသို့မဟုတ်) သုံးယော​က်ကလည်း ချစ်ကြိုက်မှုမျိုး ရှိကောင်း ရှိနိုင်သည်။

ထိုကဲ့သို့ တစ်ယောက်တည်းကို နှစ်ယောက်၊ သုံးယော​က်က ချစ်​ခင်နှစ်သက်နေပါက သူငယ်ချင်းအချင်းချင်း ကတိကဝတ်အနေဖြင့် အချိန်ကို သတ်မှတ်ထားရန် လိုအပ်လာပါလိမ့်မည်။ အလှည့်ကျ ဝါးစောင်းတီးခတ်၍ ချစ်ရေးဆိုကြသည့်အခါ ချစ်ရေးအဆိုခံရသည့် အမျိုးသမီးပျိုက သူ နှစ်သက်သဘောကျသည့်အမျိုးသားကို ချစ်သူအဖြစ် ရွေးချယ်သွားနိုင်ပါလိမ့်မည်။ ဝါးစောင်းတူရိယာ တီးခတ်ခြင်းသည်လည်း ဂီတာ၊ မယ်ဒလင်နှင့် စောင်း စသည့် ဂီတအနုပညာတစ်မျိုးပင် ဖြစ်သည်။ နဂိုကပင် မချစ် မနှစ်သက်သော်လည်း အတီးလည်း ကောင်းမွန်ပြီး၊ အပြောအဆိုလည်း ကောင်းမွန်သည့် အမျိုးသားဆိုပါက အဆိုပါ အမျိုးသမီးပျို၏ ချစ်သူရည်းစားအဖြစ် ရွေးချယ်သွားနိုင်သည်မျိုး ရှိနိုင်သည်။ ဂီတသံဟု ခေါ်ဆိုသည့် ဝါးစောင်းတူရိယာတီးသံမှာ စီးမျောပါသွားပြီး ချစ်ကြိုက်သွားနိုင်သည်မျိုးပင် ဖြစ်သည်။ မည်သို့ပင် အတီးကောင်းမွန်ပြီး၊ အပြောအဆိုလည်း ကောင်းမွန်နေသည်ဖြစ်စေ ချစ်ရေးဆိုခြင်းကို ခံနေရသည့် အမျိုးသမီးပျိုက မကြိုက် မနှစ်သက်ဆိုပါက ချစ်သူဘဝကို ပိုင်ဆိုင်လာနိုင်လိမ့်မည်လည်း မဟုတ်ပေ။

ဝါးစောင်းတူရိယာကို နာရေးတွင် တီးခတ်သည်မျိုးလည်း ရှိကြောင်း သိရပါသည်။ နာရေးတွင် တီးခတ်သော်လည်း အသုဘ ကမ္မဋ္ဌာန်းစီးဖြန်းရန် မဟုတ်သလို မရဏာနုဿတိ ဘာဝနာကို နှလုံးသွင်း ပွါးများရန်လည်း မဟုတ်ပါ။ လူပျိုလှည့်သည့်အတိုင်း အသုံးပြု တီးခတ်ခြင်းမျိုးပင် ဖြစ်သည်။ မိမိ ချစ်ခင်နှစ်သက်သည့် အမျိုးသမီးပျိုကို ချစ်ကြိုက်နေသည့် အမျိုးသားက ဝါးစောင်းတူရိယာတီးခတ်ကာ ချစ်ရေးဆိုခြင်း ဖြစ်သည်။ အလောင်းဘေးနားကထိုင်ပြီး ဝါးစောင်းတူရိယာတီးကာ ချစ်ရေးဆိုခြင်း ဖြစ်သည်။ အချိန်ကန့်သတ်ချက်မရှိ တီးခတ်နိုင်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးနှစ်ဖက် အဆင်ပြေပါက ဝါးစောင်းတီးကာ ချစ်ရေးစကား အပြန်အလှန် ပြောဆိုပြီး တစ်ညတာလုံး ကုန်ဆုံးသွားသည်မျိုးလည်း ရှိတတ်ပါသည်။ နာရေးပွဲကို ရောက်ရှိနေသော်လည်း အဆိုပါ တစ်ညတာသည်ကား သူတို့အတွက် ချစ်ခြင်းမေတ္တာဖြင့် ကုန်ဆုံးသွားရမည် ဖြစ်သည်။ ခမီရိုးရာ ဝါးစောင်းတူရိယာ ဆိုသည်မှာ ချစ်ခြင်းမေတ္တာကိုအခြေခံ၍ ဖြစ်ပေါ်လာသော နှလုံးသား၏ အသုံးတော်ခံ ပစ္စည်းတစ်မျိုး ဖြစ်သည်။ ချစ်ခြင်းမေတ္တာဖြင့် ဖွဲ့စည်း တည်ဆော​က် ဖန်တီးထားခြင်းပင် ဖြစ်သည်။ ချစ်သူစုံတွဲများကို ဆုံစည်းခွင့်ပေးသည့် ထူးခြား တူရိယာတစ်မျိုးလည်း ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီး၊ ချစ်သူရည်းစားနှင့် ကြင်ယာဖက် ဖြစ်လာနိုင်ရေးအတွက် နှလုံးသားပေါင်းကူး တံတားအဖြစ် အသုံးတော်ခံရသည့် ကြားခံ ဆက်သွယ်ရေးပစ္စည်း တစ်ခုဟုလည်း တင်စား ပြောဆိုနိုင်ပါသည်။

ခမီတို့၏ ဝါးစောင်း (ဝါးတူရိယာ) သည်ကား ပျားခေါင်းက ပျားမြည်သံကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟု သိရပါသည်။ ပျားများသည် အိမ်အတွင်းရှိ သစ်သားတိုင်များကို အခေါင်းဖောက်၍ နေကြသည့်အခါ အခေါင်းထဲက အသံမြည်လေ့ ရှိကြသည်။ ထိုသို့ သစ်ခေါင်းထဲက ပျားမြည်သံကို နားထောင်ခံစား၍ကောင်းသည့် သာယာနာပျော် ဂီတတစ်မျိုးအဖြစ် ခမီလူမျိုးများက မှတ်ယူခဲ့ကြသည်။ ထိုသို့သော သစ်ခေါင်းထဲက ပျားမြည်သံကို ဝါးတူရိယာတစ်မျိုးအဖြစ် ဖန်တီးခဲ့ကြခြင်းဟု ဆိုပါသည်။ ဝါးကို ကြိုးတပ်ဆင်၍ တီးခတ်သည့်အခါ လိုလားနေသည့် ဂီတသံကို ရရှိခဲ့ကြသည်ဟုလည်း သိရပါသည်။ ထို့ကြောင့် ခမီလူမျိုး၏ ဝါးစောင်းတူရိယာသည် သစ်ခေါင်းထဲက ပျားမြည်သံကို အစွဲပြု၍ ဖြစ်ပေါ်လာသည်ဟု ပြောဆိုကြပါသည်။

မျက်​မှောက်ကာလတွင် Internet ခေတ်စားလာခြင်း၊ စားဝတ်နေရေးကို အကြောင်းပြု၍ လူငယ်များ တိုင်းတပါးသို့ ထွက်ခွါသွားလာရခြင်း၊ လူပျိုလှည့်လည်သည့် ဓလေ့ရိုးရာ နည်းပါးလာခြင်း စသည့် အကြောင်းတရားများကြောင့် ဝါးစောင်းတူရိယာကို တီးခတ်နိုင်သည့် လူငယ်မျိုးဆက်သစ်များ နည်းပါးလာသည်ဟု ဆိုပါသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် ၁၆ ကြိမ်မြောက်အဖြစ် ကျရော​​က်ခဲ့သည့် “ခမီအမျိုးသားနေ” တွင် ဝါးစောင်းတူရိယာလည်း စင်မြင့်ပေါ်မှာ နေရာယူထားသည်ကို တွေ့မြင်ခဲ့ရသည်။ အခမ်းအနား ပြီးဆုံးသည့်အခါ စာရေးသူတို့က “ဒါက ဘာပါလိမ့်” ဆိုကာ စိတ်ဝင်စားဖွယ် မေးမြန်းလိုက်ကြသည်။ “ဝါးစောင်းတူရိပါ” ဆိုပြီး အခမ်းအနား ကျင်းပရေးကော်မတီ၏ တာဝန်ရှိပုဂ္ဂိုလ်များက ပြောပြကြသည်။ “တီးခတ်လို့မရဘူးလား” ဆိုကာ နောက်ထပ် မေးခွန်း ထုတ်လို​က်ကြသည်။ “ရပါတယ်။ ဒါက အမျိုးသားနဲ့ အမျိုးသမီး စုံတွဲတီးခတ်ရတာပါ” ဆိုပြီး ပြောပြကြသည်။ “ပွဲအခမ်းအနားမှာ တီးဖို့အတွက် အဆင်အသင့် လုပ်ထားတာပါ။ တီးခတ်တတ်တဲ့ လူငယ်တွေ မရှိလို့ မတီးဖြစ်တာပါ” ဆိုပြီး ဖြစ်စုံအကြောင်းကို ပြောပြပေးကြသည်။ စာရေးသူတို့ကလည်း “အဲ့လိုဆိုရင် ဆရာတို့ မတီးတတ်ကြဘူးလား။ တီးတတ်ကြရင် တီးပြပါလေ။ ကျနော်တို့လည်း နားထောင်ချင်ပါတယ်” ဆိုပြီး တိုက်တွန်း တောင်းဆိုလိုက်ကြသည်။ ထိုအခါ ကျောင်းဆရာ ဝေစိန်အောင် (မြောက်ဦးမြို့နယ်၊ မောင်နှမရွာဇာတိ) နှင့် ဦးဖြူထွန်း (မြောက်ဦးမြို့နယ်၊ သရက်ချောင်းရွာ) ဇာတိတို့က နှစ်ယောက်သား တီးခတ်ပြကြပါသည်။ အဆိုပါရွာများတွင် ဆရာဝေစိန်အောင်၊ ဦးဖြူထွန်းနှင့် ဦးစံရွှေမောင် (မောင်နှမရပ်ရွာ) အပါအဝင် ငါးယောက်လောက်သာ ဝါးစောင်းတူရိယာကို တီးနိုင်ကြသည်ဟု ဆိုသည်။ တီးတတ်သည့် ပုဂ္ဂိုလ်များသည်လည်း လူငယ်များ မဟုတ်ကြဘဲ သက်ကြီးရွယ်အိုများ ဖြစ်နေကြသည်ကို တွေ့ရပါသည်။

မျက်မှောက်ကာလတွင် ခမီရိုးရာ ဝါးစောင်းတူရိယာကို တီးခတ်နိုင်ကြသည့် လူငယ်မျိုးဆက်သစ်များ နည်းပါးလာကြသော်လည်း လက်ရှိအချိန်ထိ လူပျို အပျို လှည့်လည်သည့်ဓလေ့ရိုးရာကို ကျင့်သုံးနေကြသည့် ဒေသများ ရှိနေသေးသလို ဝါးစောင်းတူရိယာကို တီးခတ်နိုင်ကြသည့် လူငယ်မျိုးဆက်သစ်များလည်း ရှိနေသေးသည်ဟု သိရပါသည်။ လူပျို အပျို လှည့်လည်သည့် ဓလေ့ရိုးရာရှိပါက ဝါးစောင်းတူရိယာကိုလည်း တီးခတ်နိုင်သူများအဖြစ် မှတ်ယူနိုင်ပါသည်။ အကြောင်းမှာသော်ကား ဝါးစောင်းကို တီးခတ်ပြီးမှ လူပျို အပျို လှည့်ရသောကြောင့်ပင် ဖြစ်ပေသည်။ လက်ရှိအချိန်ထိ ဝါးစောင်းကို တီးခတ်ပြီး လူပျို အပျို လှည့်လည်သည့်ဓလေ့ကို ကျင့်သုံးနေကြသည်မှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များဟု သိရပါသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဘဲငါးရာ၊ သရက်ချောင်း၊ ကြိမ်ချောင်း (ခမီ)၊ ဒိပ္ပ၊ သက်ကျဉ်းထောင် စသည့် ရွာများနှင့် ဘူးသီးတောင်မြို့နယ်တွင် လောင်းချောင်း၊ ဆင်ဖြူတော်၊ သရဂူ၊ စညှင်းဝေ စသည့် ရွာများတွင် ဝါးစောင်းတူရိယာ တီးခတ်ကာ လူပျို အပျို လှည့်လည်သည့် ဓလေ့ရိုးရာ ယနေ့အချိန်ထိ ရှိနေသေးသည်ဟု သိရပါသည်။

ဘူးသီးတောင်မြို့နယ်ဆိုပါက ခမီပညာတတ်များ ထွန်းကားသည်ဟု သိရပါသည်။ ခမီပညာတတ် ပုဂ္ဂိုလ်များ ထွန်းကားသောကြောင့်လည်း ခမီရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်မှုလည်း အားကောင်းသည်ဟု ပြောဆိုရပါလိမ့်မည်။ ခမီတစ်မျိုးသားလုံးအနေဖြင့်လည်း ဝါးစောင်းတူရိယာ တီးခတ်ခြင်း အပါအဝင် တခြားသော ရိုးရာ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကိုလည်း ထိန်းသိမ်း၊ ဖော်ထုတ်၊ စောင့်ရှောက်ကာ လက်ဆင့်ကမ်းပေးရန် လိုအပ်နေပါသည်။ မိမိတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများကို ဖော်ထုတ်၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိတို့ကို မြှင့်တင်ပေးကြရမည် ဖြစ်ပေသည်။ ။

Related posts

ရက္ခိုင်ပြည်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို AA ထိန်းချုပ်ထား

Rakhita Times

ရွေးတုအစိုးရက တပ်သားတွေကို ရာထူးတိုးပေးပြီး စစ်တွေကို ပို့ဆောင်

Rakhita Times

မင်းပြားနဲ့ ပေါက်တော မြို့အမည်ပြောင်းပွဲကို တစ်နေ့တည်း တစ်ချိန်တည်း ပြုလုပ်

Rakhita Times

Leave a Comment