NewsPolitic

အဓမ္မ ပေါ်တာဆွဲ လူစုဆောင်းနေတဲ့ စကမက AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲပြန်

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆)

လူငယ်တွေကို အဓမ္မ ပေါ်တာဆွဲကာ လူစုဆောင်းနေတဲ့ စစ်ကော်မရှင်က AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

PDF အဖွဲ့က အမျိုးသား ၁၆ ဦးဟာ လက်နက်၊ ခဲယမ်း‌တွေနဲ့အတူ  ဥပဒေဘောင်အတွင်းကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ၁၆ ဦးဟာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ် ၊ ရေကြည်မြို့နယ် နဲ့ ပုသိမ်မြို့နယ်တွေကဖြစ်ပြီး ၎င်းတို့နဲ့အတူ ပါရှိလာတဲ့ မောင်းပြန် ရိုင်ဖယ် ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး တို့ကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့ဟာ ခရီးသွားရင်း အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး တပ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူတွေဖြစ်ကာ စုဆောင်းခံရသူတွေ ထွက်ပြေးရင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က မိတဲ့အခါ ထောင်ချပြီး အာရက္ခတပ်တော် AA က မိတဲ့အခါ သတ်ခံရတယ်လို့ အဆိုပါ ဝင်ရောက်လာသူတဦးက ပြောဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ၁၆ ဦး ကို စစ်ကော်မရှင်ရဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နဲ့ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်တို့က လက်နက်၊ ခဲယမ်းများနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူတွေကို မောင်းပြန်ရိုင်ဖယ် ၁ လက်ကို ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းနဲ့ ၂ လက် အတွက် ငွေကျပ် သိန်း ၁၀၀၊ လက်ပစ်ဗုံး ၁ လုံးကို ဆုကြေးငွေကျပ် ၃ သိန်းနှုန်းနဲ့ ၄ လုံးအတွက် ငွေကျပ် ၁၂သိန်း အပြင် အလင်းဝင်ရောက်လာသူအားလုံးအတွက် တဦးကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ ၁၆ ဦး အတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၁၆၀ ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်‌ အာဏာသိမ်းပြီး နောက်ပိုင်းကစပြီး ဒီကနေ့အချိန်ထိ ရန်ကုန်လို မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်၊ ကျေးရွာတွေက အမျိုးသားလူငယ်တွေကို အာဏာသိမ်း စစ်ကော်မရှင်က စာရင်းကောက်ခံပြီး အတင်းအဓမ္မ စစ်မှုထမ်းရန် စေခိုင်းတာ‌တွေ ရှိနေပါတယ်။ ဒါ့အပြင် လမ်းသွားလမ်းလာ လူငယ်တွေကိုလည်း ပေါ်တာဆွဲကာ ငွေညှစ်ပြီးပြန်လွှတ်ပေးတာရှိသလို ငွေကြေးမတတ်နိုင်တဲ့ လူငယ်တွေကို‌တော့ ရှေ့တန်းပို့ဆောင်တဲ့ ဖြစ်စဉ်တွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက် ရှိနေဆဲ ဖြစ်ပါတယ်။

Related posts

ရက္ခိုင်ပြည်က ရေဘေးသင့် လူဦးရေ ၁၂၀၀၀ ကျော်အတွက် အရေးပေါ် အကူညီလိုအပ်

Rakhita Times

ပြင်ဆင်လိုက်သည့် ပို့ကုန်ရငွေ မူဝါဒတွင် ကြက်သွန် နှင့် သစ်သီးမျိုးစုံ ပါဝင်လာ

Rakhita Times

ရက္ခိုင်ပြည်နဲ့ လူမျိုး တည်တံ့ဖို့အတွက် စစ်သင်တန်းတတ်ထားသင့်

Rakhita Times

Leave a Comment