NewsPolitic

မြောက်ဦးနဲ့ ကျောက်တော်ကို ဗုံးကြဲလို့ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၃ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်ကို ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က ည ၉ နာရီကျော်မှာ လာရောက်ဗုံးကြဲခဲ့လို့ ၃ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ပြည်သူ ၇ ဦး‌ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ မနေ့ ပြည်ထောင်စုနေ့ ညနေ ၉ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီလေတပ်ကနေပြီးတော့ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ကို ဗုံး ၂ လုံး ကြဲချခဲ့တယ်။ အဲဒီမှာ ထိခိုက်ဒဏ်ရာ ရတာကကျရင် ပွဲချင်းပြီး ၄ ဦး သေဆုံးပြီးတော့ ၉ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျနော်တို့ သိထားရတယ်”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီ ၁၅ မိနစ်တွင် စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅ဝဝ ဗုံးများဖြင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ် ရပ်ကွက်နှင့် မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်တို့ကို တပြိုင်တည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

“ နောက်တဖက်မှာကျရင် အဲ ၉ နာရီကျော်လောက်မှာပဲ ဒီ မြောက်ဦးမြို့ပေါ်က ဝေသာလီဟိုတယ်ရှိတဲ့ အရပ်ကို လာပြီးတော့ ပစ်ခတ်တာရှိတယ်။ အဲဒီထဲမှာ ခြံစောင့်လုပ်နေတဲ့ စစ်တွေမြို့ ဗျိုင်းဖြူရွာကနေ စစ်ဘေးရှောင်ရှင်း ခြံစောင့်လုပ်နေတဲ့ မိသားစုတစု ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ရှိတယ်။ အဲဒီထဲမှာ ထူးထူးခြားခြားအနေနဲ့ကျရင် ၃ လလောက်အရွယ်ရှိတဲ့ ကလေးလေး တဦး ပါဝင်သွားတယ်ဗျ။ ပြီးတော့ အဲ အနီးအနားပတ်ဝန်းကျင်မှာပဲ စစ်ရှောင်ပြည်သူတချို့လည်း သေတယ်လို့ ကျနော်တို့ သိထားရတယ်။ ဒါပေမယ့် တိတိကျကျကတော့ ကျနော်တို့ မသိရသေးဘူး”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ကိုဆန်းဝင်း၊ အသက် ၃၁ နှစ်အရွယ် ကိုညီချေ၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ စစ်‌ဘေးရှောင်နေတဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှနဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်အေးနုတို့ သေဆုံးခဲ့ပါတယ်။

အခုလို့ ပြည်ထောင်စုနေ့ကိုတောင်မရှောင်ဘဲ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာဟာ တနည်းနည်းနဲ့ ဂျီနိုဆိုက် လုပ်နေတာလို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

“ စစ်ကောင်စီက ဒီ ပြည်ထောင်စုနေ့ကိုတောင်မှ မရှောင်လွှဲနိုင်ဘဲနဲ့ ပြည်သူတွေကိုသတ်ဖြတ်တယ်ဆိုတော့ ဒီ ပြည်ထောင်စုကို ပျက်ရယ်ပြုတာလည်း ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကလည်း ပီပြင်တယ်၊ ပြီးတော့ တခြားတဖက်မှာကောဆိုရင် ရက္ခိုင်ပြည်သူလူထုအပေါ်မှာကောဆိုရင် သူက အမှည့်ချွေချွေတဲ့ စနစ်မျိုးနဲ့ တနည်းနည်းနဲ့ ဂျီနိုဆိုက်လုပ်နေတယ်လို့ ပြောရင် ရတယ်”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီကျော်ကလည်း စစ်ကော်မရှင်က မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

မြောက်ဦးမှာ သေဆုံးသူ ၁၃ ဦးအထိ တိုးလာ

Rakhita Times

တော်လှန်ရေးပန်းတိုင်ရောက်အောင် အားလုံးဝိုင်းကြိုးစားရအောင်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လပြော

Rakhita Times

အမ်းဒေသခံ လေးထောင်ကျော်ကို အာရက္ခတပ်တော်က စောင့်ရှောက်ထား

Rakhita Times

Leave a Comment