NewsPolitic

စကမရဲ့ လက်နက်ကြီးကြောင့် စေတနာ့ဝန်ထမ်း မိသားစုဝင်များ သေဆုံး

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ရွာဖြစ်စဉ်တွင် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း ရံပုံငွေရှာဖွေရေး အသင်းဝင်တဦးရဲ့ မိသားစုများ ထိခိုက်သေဆုံးခဲ့တယ်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဝမျှောင်ရွာကို စစ်ကော်မရှင်ရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ အသင်းဝင် မခင်ဆန်းမိုးရဲ့ မိခင်၊ တူမ နဲ့ အမဖြစ်သူတဦးတို့ သေဆုံးခဲ့ပြီး ကျန် အမတဦး နဲ့ ခဲအိုတော်စပ်သူတို့လည်း အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အပြစ်မရှိတဲ့ အသင်းသူ မခင်ဆန်းမိုးရဲ့ မိသားစု ၃ ယောက် သေဆုံးပြီး မိသားစု ၂ ယောက် ဒဏ်ရာရခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်” လို့လည်း အသင်းက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ အသက် ၅ နှစ်အရွယ် မခင်ထက်ထက်စိုး၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆန်းဝေ နဲ့ အသက် ၆၀ အရွယ် ဒေါ်မဝေချမ်းတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှာ အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်ဆန်းလွင် နဲ့ အသက် ၄၄ နှစ်အရွယ် ဦးအောင်လင်းစိုးတို့ပဲ ဖြစ်ပါတယ်။

စစ်ကို စစ်နဲ့တူအောင် မတိုက်ပဲ ရက္ခိုင်ပြည်အတွင်းရှိ အပြစ်မဲ့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့ပြ၊ စာသင်ကျောင်း၊ ဆေးရုံ၊ အလှူပွဲ၊ ပရဟိတသမား အစရှိတာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကိုလည်း စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း ရံပုံငွေရှာဖွေရေးအသင်း အနေနဲ့ ပြင်းထန်စွာ ကဲ့ရဲ့ရှုတ်ချ‌ပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

ပေါက်တောက ရေလုပ်သား ၂၃ ဦးကို စစ်ကောင်စီဖမ်းဆီး

Rakhita Times

AA ၏ အောင်မြင်မှုနှင့် ရက္ခိုင်ပြည် အုပ်ချုပ်ရေး စိန်ခေါ်မှုများ

Rakhita Times

မူဆယ် – မန္တလေး – ကျောက်ဖြူ ရထားလမ်း စီမံကိန်းတွေကို အကောင်အထည်ဖော်နေတယ်လို့ မင်းအောင်လှိုင် ပြော

Rakhita Times

742 comments

Leave a Comment