အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၆)
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ထည်ထည်ဝံ့ဝံ့ ဝင်ရောက်စွက်ဖက်နေမှုတွေကို ရေရှည်မှာ မဟန့်တားနိုင်ရင် နိုင်ငံအစိတ်စိတ်အမွှာမွှာ ကွဲတဲ့အထိ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဟန့်မတားနိုင်ရင် ကွဲသွားတဲ့အထိ ဖြစ်သွားမှာပေါ့။ ကျနော်တို့ အစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့အထိ ဖြစ်နိုင်တာပေါ့။ ဟန့်တားနိုင်ဖို့ အကောင်းဆုံးကလည်း ကိုယ့်ဘက်နေကိုယ် လွတ်လွတ်လပ်လပ်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပြည့်အဝနဲ့ ဂုဏ်သိက္ခာရှိရှိ ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ်က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဗီယက်နမ်နိုင်ငံလို အဲဒီလို ရပ်တည်ဖို့ လိုတာပေါ့။ အဲဒီလို မလုပ်နိုင်သရွေ့ကတော့ သူနဲ့ အဆင်ပြေအောင်ပဲ နေကြရမှာပဲ။ နောက်ဆုံး ဘယ်လောက်အထိတောင် ဖြစ်နိုင်တုန်းဆိုတော့ သူ့ဆီကနေပြီးတော့ အကြံဉာဏ်၊ သူဖြစ်စေချင်တဲ့ ပုံစံတွေကို ပွင့်ပွင့်လင်းလင်း မေးပြီးတဲ့အခါ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရမှာ။ ၁၀၂၇ စစ်ဆင်ရေးမှာ မြန်မာနိုင်ငံကို ဆုံးမလိုက်ပြီးတဲ့ နောက်ပိုင်းမှာ သူက တိုက်ရိုက်ပေါ့။ သူတို့ဘက်က တိတိကျကျ အချက်အလက်တွေနဲ့ တိုက်ရိုက် တောင်းဆိုတော့ အရင်ကတော့ သူက အဲဒီလို ပြောလိမ့်မယ် မထင်ဘူး။ ဒီဘက်လည်း မသိတဲ့အခါကြ တော့ အဲဒါကို ဂရုမစိုက်တဲ့ သဘောမျိုး လုပ်တဲ့အခါ သူတို့က ၁၀၂၇ စစ်ဆင်ရေးကို အသာလေး နောက်ကွယ်ကနေပြီး အားပေးလိုက်တာပေါ့။ ဒီဘက်ကလည်း အခြေအနေကောင်းတခုက ၂၀၂၁ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း တောခိုလာကြတဲ့ ဗမာလူငယ်တွေကလည်း အဲဒီမှာ ရောက်သွားတာ။ ရောက်သွားတာက သူတို့အတွက် အားသာတဲ့အချက် ဖြစ်သွားတာပေါ့။ အဲဒီတော့ ဒရုန်းနည်းပညာတွေ၊ တခြားလက်နက်ကြီး၊ လက်နက်ခဲယမ်း မီးကျောက်တွေနဲ့ လားရှိုးတို့၊ မိုးကုတ်တို့ကို သိမ်းနိုင်အောင်အထိ ဖြစ်သွားတာပေါ့။ ဒါက တရုတ်က ပညာပေးလိုက်တာပဲ။ မင်းတို့ ဒီလိုဖြစ်ရင် ဒီဟာဖြစ်မယ်၊ ဖြစ်နိုင် တယ်၊ ဖြစ်တတ်တယ်၊ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကို သူက ပြောလိုက်တာ။ ဒါကတော့ အခုမှ မဟုတ်ပါဘူး။ သူနဲ့အရင်းနှီးဆုံး ရဲဘော်ရဲဘက် ဗမာပြည်ကွန်မြူနစ်ပါတီတောင် သူက အဲဒီလိုလုပ်ခဲ့တာပဲ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင်တို့အကြားက သဘောတူညီမှုအရ ပြုလုပ်တာဖြစ်တယ်လို့ တရုတ်ဘက်က တရားဝင် ထုတ်ဖော်ပြောဆိုထားတာပါ။
ဒါ့အပြင် တရုတ်ဟာ ကွန်မြူနစ်နိုင်ငံဖြစ်တာကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ သူ့အလိုကျ လုပ်ဆောင်မယ့် အစိုးရမျိုးကို လိုလားတာဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။
ဒါကြောင့် မြောက်ပိုင်း ၃ ဖွဲ့အပေါ် အသုံးချလိုပါက လက်နက်တွေ ထောက်ပံ့ပြီး စစ်ရေးဖော်ဆောင်ခိုင်းတာ၊ နယ်မြေအချို့ကို ပြန်ပေးခိုင်းတာတွေကို ဖိအားပေး လုပ်ဆောင်နေတာပါ။
