NewsPolitic

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

အာရက္ခတိုင်းမ်စ် (၁၉ စက်တင်ဘာ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်က ရွေးတုအစိုးရတပ်ရဲ့ စခန်းတွေကို ဆက်တိုက် တိုက်ခိုက် သိမ်းပိုက်နေပြီး စက်တင်ဘာလ ၁၈ ရက်ကလည်း ကာကင်းစခန်းတစ်ခုနဲ့ ခြေကုတ်နေရာတစ်ခုကို ထပ်မံ သိမ်းပိုက်လိုက်တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ထပ်မံ သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းတွေကတော့ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းဖြစ်တဲ့ ကံ့ကော်ကျွန်းရွာအနီးက ကာကင်းစခန်းငယ်တစ်ခုနဲ့ ရွှေမင်းဂံရေတပ်စခန်းရဲ့ ချောင်းတစ်ဘက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးရှိ ခြေကုတ်နေရာတစ်နေရာတို့ ဖြစ်ပါတယ်။

အဆိုပါ စခန်းနှစ်ခုအပြင် အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တွေမြို့နယ် အမြင့်ကျွန်းတံတား ဝန်းကျင်နဲ့ ကံ့ကော်ကျွန်းရွာ ဝန်းကျင်တို့က ကာကင်းစခန်း ၂ ခု၊ ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ဆားပို့တောင်နဲ့ ခမောင်းတောရွာ ဝန်းကျင်တို့က ခြေကုတ်စခန်း ၃ ခုတို့ကို သိမ်းပိုက်ထားခဲ့တာကြောင့် လက်ရှိမှာ ရွေးတုအစိုးရတပ်ရဲ့ ကာကင်းစခန်း အနည်းဆုံး ၃ ခုနဲ့ ခြေကုတ်နေရာ ၄ ခုအထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရွေးတုစိုးရတပ်ဟာ ကာကင်းနဲ့ စခန်းတွေ လက်လွှတ်ခဲ့ရပြီးနောက် တိုက်လေယာဉ် ၆ စီးခန့်နဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေ အပါအဝင် စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်အတွင်းက နေရာတွေကို တစ်နေ့လုံးနီးပါး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့သလို လက်နက်ကြီး၊ စက်သေနတ်တွေနဲ့လည်း ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ စက်တင်ဘာလ ၄ ရက်ကတည်းက စစ်တွေမြို့နယ်ဘက်ကနေ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အင်အား ထောင်ဂဏန်းနဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပေမဲ့ အာရက္ခတပ်တော်ရဲ့ ကြားဖြတ် တိုက်ခိုက်မှုတွေကြောင့် စစ်ကြောင်းတွေ နောက်ဆုတ်နေရတဲ့အပြင် မူလရှိပြီးသား စခန်းတွေကိုပါ လက်လွှတ်နေရတာပါ။

လက်ရှိမှာ ရွှေမင်းဂံရေတပ်ရဲ့ အဓိက ရှေ့ထွက် ကာကင်းတွေရှိရာ ဇော်မတက်၊ ကံ့ကော်ကျွန်း၊ ကျားမသောက်တပ်ရင်း၊ ဒကစ (စစ်တွေ) ရဲ့ ရှေ့တန်းကာကင်း တောကန်ရွာ ဝန်းကျင်နဲ့ ပုဏ္ဏားကျွန်းဘက်ခြမ်း ဆားပို့တောင်၊ ရဲရိုးပြင်ရွာ ဝန်းကျင်တို့မှာ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related posts

ကျောက်တော်တွင် ရှေးဟောင်း ကျောက်ပုလ္လင် တွေ့ရှိ

Rakhita Times

အာရက္ခတပ်တော်နေ့ အထိမ်းအမှတ် ကာယဗလမောင် နဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ

Rakhita Times

နတ်ရေကန် မကျစေရန် စကမ အင်အားအများအပြား ဖြည့်တင်းနေ

Rakhita Times

Leave a Comment