NewsPolitic

ဦဇော်အေးမောင်ရဲ့ အကိုဖြစ်သူ ဦးသန်းမောင်ကို မအလ က ပြည်ထောင်စုဝန်ကြီးခန့်

အာရက္ခတိုင်းမ်စ် (၇ ဧပြီ ၂၀၂၆)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်ရဲ့ အကိုဖြစ်သူ ရက္ခိုင်တေးရေး အဆိုတော် ဥပဒေပညာရှင် ဦးသန်းမောင်ကို သမ္မတသစ် မင်းအောင်လှိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်က ဒီကနေ့ ဧပြီလ ၇ ရက်တွင် လွှတ်တော်သို့ ဝန်ကြီးဌာန ၃၁ ခုနဲ့ ဝန်ကြီး ၃၀ ဦး နာမည်စာရင်း တင်သွင်းအတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင် တင်သွင်းထားတဲ့ ဝန်ကြီးဌာန ၃၁ ခုနဲ့ ဝန်ကြီး ၃၀ ဦး အမည်စာရင်းကို လွှတ်တော်က ကနဦး လက်ခံထားပြီး ကန့်ကွက်သူများအနေနဲ့ ဧပြီလ ၈ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဦးသန်းမောင်ဟာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်က စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်က ဥပဒေဘွဲ့ကို ၁၉၈၀ ပြည့်နှစ်တွင် ရရှိခဲ့ကာ ၂၀၁၆ ခုနှစ်တွင် M.A (Business Law) ဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ ရှေ့နေချုပ်ရုံးလက်အောက်တွင် ဥပဒေအရာရှိအဖြစ် ၁၉၈၂ မှ ၁၉၉၆ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နောက် စင်ကာပူနိုင်ငံအခြေစိုက် Kelvin Chia Yangon Law Firm တွင် ၂၀၁၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံအခြေစိုက် Baker & McKenzie International Law Firm တွင် Senior Counsel အဖြစ် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဦးသန်းမောင်ဟာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထွေထွေကိစ္စများ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင် ဥပဒေအကြံပေးနှင့် စာချုပ်များပြန်လည်စိစစ်ရေး အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်းခံခဲ့ရဖူးတယ်လို့လည်း သိရပါတယ်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာရေးရာလေ့လာရေးအဖွဲ့ အဖွဲ့ဝင်တဦးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဥပဒေအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

တန်းခိုးဆရာထွန်း အထိမ်းအမှတ် စာပေဆုချီးမြှင့်ရေးကော်မတီ က ၂၀၁၇ ခုနှစ် အတွက် ပေးအပ်တဲ့ တန်းခိုးဆရာထွန်း ဂီတစာဆိုဆုကို ရရှိခဲ့ပြီး ဦးသန်းမောင်ရဲ့ တေးသီချင်းများမှာ ရိုးရာကမမ၊ ပိုးဝါသူ၊ ချစ်ပန်းလည်းခူး ဆူးလည်းစူး၊ ဝီး (ဝေး) လို့ကျန်လိုက်မြို့စစ်တွေ၊ ရခိုင်သမက်တက်ပွဲ၊ အကျွန်ရို့ရခိုင်သကင်္ကြန် စတဲ့ သီချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၁)

Rakhita Times

ရက္ခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုကို ရက္ခိုင်အဖွဲ့အစည်းတွေ ကန့်ကွက်

Rakhita Times

AA ကို အထူးကျေးဇူးတင်တယ်လို့ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) ဆို

Rakhita Times

Leave a Comment