(၁၇) နှစ်မြောက် အာရက္ခတပ်တော်နိ ဂုဏ်ပြုဆောင်းပါးရှည်)
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ ပြည်ထောင်စုနေ့မှ စတင်ကာ တရားဝင် ဖြစ်တည်လာခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းသည် တောကြီးမျက်မည်းဥပဒေကြီးစိုးရာ သမိုင်းတခုသာ ဖြစ်သည်။ အာဏာရှင်ဗမာစစ်တပ်နှင့် လူမျိုးကြီးဝါဒီ ဗမာအစိုးရအဆက်ဆက်တို့သည် ကြီးနိုင်ငယ်ညှင်းဝါဒ (သို့မဟုတ်) အားကြီးသူ အကုန်ယူနိုင်သည့် တောဘုရင်ဝါဒကို နောင်းနောင်းနင်းနင်း ဆုပ်ကိုင်ကာ တိုင်းရင်းသားများကို ဆယ်စုနှစ်များစွာ နှိပ်ကွပ်လာခဲ့ကြသည်။
တိုင်းရင်းသားများ၏ တော်လှန်ရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များသည် တော်လှန်ရေး၏ အန္တိမ ရည်မှန်းချက်ကို ပြည့်မီရေးထက် တော်လှန်ရေး လမ်းကြောင်းထက်မှ လွင့်စဉ်မသွားဘဲ ဆက်လက်ရပ်တည် ရှင်သန်နိုင်ရေးအတွက် ချားလ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် (Evolution Theory) အတိုင်း ကျင့်ကြံလာခဲ့ကြရသည်။ ချားလ်ဒါဝင်၏ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဉ်အရ သက်ရှိသတ္တဝါများသည် သဘာဝတရား၏ ပြောင်းလဲမှုအတိုင်း လိုက်လျောညီထွေစွာ ကျင့်ကြံနေထိုင် လာခဲ့ကြရသည်။ သဘာဝတရားအတိုင်း လိုက်လျောညီထွေစွာ ပြောင်းလဲနေထိုင်နိုင်ကြသော သတ္တဝါများ ယနေ့ခေတ်ထိတိုင်အောင် အသက်ရှင် ကျန်ရစ်နေပြီး ပြောင်းလဲမှုအတိုင်း လိုက်လံ မကျင့်သုံးနိုင်ကြသော သတ္တဝါများက မျိုးသုဉ်းပျောက်ကွယ် သွားကြရသည်။ ဒိုင်နိုဆောကြီးများ မျိုးသုဉ်းပျောက်ကွယ် သွားကြရ့ခြင်းမှာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်၏ အစိတ်အပိုင်း တခုပင်ဖြစ်သည်။
ထိုနည်းအတိုင်းပင် မြန်မာနိုင်ငံရေးထဲမှ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များသည် အင်အားကြီးမားသော ဗမာအာဏာရှင်စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒီအစိုးရအဆက်ဆက်တို့၏ နိုင်ငံရေးကစားကွက်များအတိုင်း လိုက်လျောညီထွေစွာ လိုက်ပါခဲ့ကြများ ရှိခဲ့ကြ၏။ ဗမာအာဏာရှင်စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒီ အစိုးရအဆက်ဆက်တို့သည် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကို မီးစတဖက်၊ ရေမှုတ်တဖက် သို့မဟုတ် စစ်ရေးတဖက်၊ စကားဝိုင်းတဖက် ဗျူဟာကို အသုံးပြုကာ ကစားတတ်သည်ကို သိရှိထားကြပြီး ဖြစ်သော်လည်း မလွဲမရှောင်သာ အခြေအနေမျိုးတွင် အလိုက်သင့် ရေစုန်မျော လိုက်ပါခဲ့ကြရသည်များ ရှိ၏။
ချားလ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှု သီအိုရီအရ ပြောင်းလဲမှုအတိုင်း လိုက်ပါကျင့်ကြံ နေထိုင်ခြင်းသည် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ဆိုးကျိုးမရှိသော ရပ်တည်ချက် ဖြစ်သည်။ သို့သော် ဗမာအာဏာရှင်စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒီ အစိုးရအဆက်ဆက်တို့ လိုအပ်သလို ပုံဖော်ထုဆစ်ထားကြသော မြန်မာ့နိုင်ငံရေးအတိုင်း လိုက်လျောညီထွေစွာ ပြောင်းလဲနေထိုင်ရန် ကြိုးစားခြင်းသည်ကား တော်လှန်ရေးရေစုန်မျောခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်၏။ သမိုင်းကြောင်းရှည်ကြာလာခဲ့ကြပြီးဖြစ်သော တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ကြီးများအနေဖြင့် တော်လှန်ရေး၏ အန္တိမရည်မှန်းချက်ဖြစ်သော အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို လက်ရှိထိတိုင် မရရှိကြဘဲ ထိန်းချုပ်နယ်မြေ အနည်းငယ်မျှကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဗမာစစ်တပ်နှင့် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဖြစ်နေကြရခြင်းမှာ တော်လှန်ရေး ရေစုန်မျောရခြင်း အကြောင်းတရားများပင် ဖြစ်ပေသည်။
ဘီစီ (၅) ရာစုအတွင်းက ပေါ်ထွန်းခဲ့သော တရုတ်စစ်သေနာပတိချုပ် ဆွန်ဇူး၏ သေနင်္ဂဗျာဟာကျမ်းထဲတွင် စစ်တိုက်ရာတွင် အရေးအကြီးဆုံးမှာ အလျင်အမြန် အောင်နိုင်ရေးပင် ဖြစ်သည်။ ကြာရှည်ဆွဲ တိုက်နေရလျှင် စစ်ညောင်းပြီး အားကုန်လူပန်း၊ စိတ်ဓာတ် ကျကုန်ပေလိမ့်မည်ဟု ဆိုထားသည်။ ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာလာခဲ့ပြီးသော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို ကြည့်လျှင် ဆွန်ဇူး၏ စကားအတိုင်း ရုပ်လုံးပေါ်နေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပေသည်။
ယနေ့ အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးနှင့် စစ်ရေးကို ပြန်လည်ကြည့်မည်ဆိုပါက အာရက္ခတပ်တော်သည် အချိန်တိုတိုအတွင်း တော်လှန်ရေး အောင်မြင်အောင် စွမ်းဆောင်နိုင်သည်ကို တွေ့ရမည် ဖြစ်သည်။ နိုင်ငံရေးစားပွဲဝိုင်းတွင် ထိုင်လိုက်၊ ညစာ စားလိုက်၊ ဝိုင်သောက်လိုက်နှင့် နှစ်ကာလ ကြာရှည်ပြီး အရာမရောက်သော တော်လှန်ရေးမျိုးကို အာရက္ခတပ်တော်မှ သဘောကျပုံ မရချေ။ ထိုသို့ သဘောမကျကြောင်းကိုလည်း တပ်တော်၏ တပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် မြွတ်ကြားထားခဲ့ဖူး၏။
အာရက္ခတပ်တော်သည် ဆွန်ဇူး၏ သေနင်္ဂဗျူဟာအတိုင်း စစ်ကိုအချိန်တိုတိုအတွင်း ရည်မှန်းချက် အတော်များများ ပြီးမြောက်နိုင်သည်အထိ အားထည့် တိုက်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့ တိုက်နိုင်ရန်အတွက်လည်း အာရက္ခတပ်တော် (AA) သည် သမိုင်းထဲမှ တော်လှန်ရေး မအောင်မြင်ရခြင်းအကြောင်းတရားများကို ဆန်းစစ် သင်ခန်းစာ ယူခဲ့ပုံရပြီး အခြားတဖက်တွင် ကြိုတင်ပြင်ဆင်မှုများကိုပါ စနစ်တကျ စီစဉ်ခဲ့သည်ကို တွေ့ရ၏။ အထူးသဖြင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် စစ်ရေးဗျူဟာနှင့် နည်းဗျူဟာတို့အပြင် မြို့သိမ်းတိုက်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအတွက် နိုင်ငံရေး မဟာဗျူဟာနှင့် နည်းပညာပိုင်းများကိုပါ စနစ်တကျ စီစဉ် ရေးဆွဲထားခဲ့ကြသည်ဟု သုံးသပ်ရပေသည်။ ဆွန်ဇူးက နည်းဗျူဟာမပါသော မဟာဗျူဟာသည် ရည်မှန်းချက်ပန်းတိုင်သို့ သွားရန် အနှေးကွေးဆုံးလမ်းဖြစ်၍ မဟာဗျူဟာမပါသော နည်းဗျူဟာသည်ကား မရှုံးနိမ့်မီ ဆူညံဆူညံလုပ်ခြင်းသာ ဖြစ်၏ဟု ဆိုသည်။ ယနေ့ အာရက္ခတပ်တော်သည် ရည်မှန်းချက်ပန်းတိုင်သို့ မည်သို့ မည်ပုံ သွားရမည်ဆိုသော မဟာဗျူဟာနှင့် ရည်မှန်းချက်ပန်းတိုင်သို့သွားရာတွင် မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ဟူသော နည်းပညာပိုင်းတို့ကိုပါ ကျွမ်းကျင် ပိုင်နိုင်ထားသည်ဟု သုံးသပ်ရ၏။
အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများကို ပြန်ကြည့်ပါက မြန်မာတိုင်းရင်းသားတို့၏ မအောင်မြင်ခဲ့သော တော်လှန်ရေးသမိုင်းကြောင်းရှည်ကြီးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်ကို စတင် တွေ့ရှိကြရမည်ပင် ဖြစ်၏။ ထို့နောက်တွင်တော့ နှစ်ပေါင်းများစွာ စနစ်တကျ တည်ဆောက်လာခဲ့သော ဗမာအာဏာရှင်စစ်တပ်ကို အာရက္ခပြည်တွင်းမှ မည်သို့ မည်ပုံ မောင်းထုတ်ပစ်ခဲ့သည်ဆိုသော စစ်ရေးဗျူဟာများကို ထပ်ဆင့် တွေ့ကြရမည်ပင် ဖြစ်သည်။ အင်အားကြီးသော ဗမာစစ်တပ်ကို မနေ့တနေ့ကမှ ပေါ်ပေါက်လာခဲ့သော ရက္ခိုင်တော်လှန်ရေး အဖွဲ့သေးသေးကလေးမှ အနိုင်ယူ တိုက်ခိုက်ရန် ရည်မှန်းနေသည်မှာ မြန်မာ့နိုင်ငံရေး ဂုရုများအတွက် ပြက်ရယ်ပြုစရာ တခုသဖွယ် ဖြစ်ခဲ့သည်။ အာရက္ခတပ်တော်၏ ဗမာစစ်တပ်ကို တော်လှန်ရေးသည် နံရံကို ဦး ခေါင်းနှင့် တိုက်ခြင်းသာ ဖြစ်သည်ဟု မှတ်ချက် ပြုခဲ့ကြသည်။ အမှန်တကယ်တွင်လည်း အာရက္ခတပ်တော် (AA) သည် ကြီးမား ခိုင်ခံ့လှသော နံရံကြီးနှင့်တူသည့် ဗမာ အာဏာရှင်စစ်တပ်ကို ရက္ခိုင်ပြည်ထဲမှ ထွက်သွားစေရန် ဦးခေါင်းနှင့် တိုက်ခိုက် ဖြိုခွင်းခဲ့ရသည်သာ ဖြစ်၏။ သို့သော် အာရက္ခတပ်တော်သည် ဦးခေါင်းခွံနှင့် တိုက်ခြင်းမဟုတ်ဘဲ ဦးနှောက်နှင့် တိုက်ခြင်းသာ ဖြစ်၏။ စစ်တုရင်ဘုရင် မက်စ်ယူဝီ (၁၉၀၁-၁၉၈၁) က မဟာဗျူဟာသည် တွေးခေါ်မှု လိုအပ်ပြီး နည်းဗျူဟာသည် ကြံဆမှု လိုအပ်သည်ဟု ဆို၏။ အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများသည် အာရက္ခတပ်တော် ခေါင်းဆောင်ပိုင်းများ၏ ထက်မြက် ခေတ်မီသော ဦးနှောက်အတွင်းမှ မဟာဗျူဟာနှင့် နည်းဗျူဟာများကို တပိုင်းတစ ထုတ်နှုတ် ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။
လက်ရှိအချိန်တွင်တော့ အာရက္ခတပ်တော်သည် တနှစ်ကျော်ကာလအတွင်း၌ ပလက်ဝမြို့နယ် အပါအဝင် အာရက္ခပြည်တွင်းမှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဂွ၊ စသော မြို့နယ်ကြီးများနှင့် ငပလီ၊ တောင်ပြိုလက်ဝဲ၊ မအီ၊ စနဲ၊ ကျိန္တလီ၊ တန်းလွဲရွာမ၊ ခမောင်းဆိပ်၊ မြင်းလွှတ် စသော မြို့နယ်ခွဲများစွာကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ကမ္မ္ဘာ့ပထဝီနိုင်ငံရေးတွင် ဗျူဟာမြောက် မြို့နယ်များ ဖြစ်ကြသော ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့ သုံးမြို့ကိုသာ အာရက္ခတပ်တော်အနေဖြင့် သိမ်းပိုက်ရန် ကျန်ရှိတော့သည့် အနေအထား ဖြစ်သည်။ ထို လက်ကျန်သုံးမြို့တွင်လည်း ဗမာ အာဏာရှင်စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒီ အစိုးရတို့သည် မြို့ဧရိယာ ကွက်ကွက်ကလေး၌သာ အာဏာတည်တော့သည့် အခြေအနေ ဖြစ်သည်။ အာရက္ခတပ်တော်သည် အာရက္ခပြည်၏ နယ်မြေ (၉၀) ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု မှတ်ယူကြရမည်ပင် ဖြစ်သည်။
စင်စစ် အာရက္ခတပ်တော်သည် အာရက္ခပြည်သိမ်း တိုက်ပွဲများအား မည်သည့် အချိန်ကတည်းက စတင်လာခဲ့သည်ကို တိကျရေရာစွာ ပြောရန် ခက်ခဲလှပေသည်။ အာရက္ခတပ်တော်ကို တည်ထောင်စကတည်းက အမျိုးသားလွတ်မြောက်ရေးအတွက် ရည်ရွယ်ထားကြသည်ဖြစ်ရာ ပြည်သိမ်းတိုက်ပွဲ စတင်ချိန်ဟုပြောလျှင် တပ်တော် စတင်ချိန်ကိုပင် လက်ညှိုးညွှန်ရမည်ကဲ့သို့ ဖြစ်နေ၏။ အခြားတဖက်တွင်တော့ အာရက္ခတပ်တော်သည် အာရက္ခပြည်တွင်း၌ စတင်ခြေကုပ် ယူနိုင်ကတည်းက မြို့ပေါ် မဟုတ်သည့် နယ်ဖက်နယ်မြေ အများအပြားကို စစ်ရေးနှင့် နိုင်ငံရေးအရ ထိန်းချုပ်ထားခဲ့ပြီး ဖြစ်နေသည်။
တကယ်တမ်း အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများ စတင်ချိန်ဟု အတိအကျ ပြောရမည်ဆိုပါက ဗမာအာဏာရှင်စစ်တပ်မှ နိုင်ငံတော်ကို စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်တွင် စတင်၍ မြစ်ဖျားခံလာခဲ့သည်ဟု ဆိုရပေလိမ့်မည်။ အကယ်၍သာ ဗမာအာဏာရှင်စစ်တပ်သည် ရွေးကောက်ခံ (NLD) အစိုးရကို ဖြုတ်ချကာ နိုင်ငံ့အာဏာကို မသိမ်းယူခဲ့ပါက ရက္ခိုင်ပြည်တွင်း အခြေအနေများသည်လည်း ယခုနှင့် ခြားနားကောင်း ခြားနားနေနိုင်သည်။ ဗမာအာဏာရှင်စစ်တပ်မှ အာဏာသိမ်းမှုသည် အာရက္ခပြည်တွင်း၌ စစ်ရေးပြင်ဆင်နေသည့် အာရက္ခတပ်တော်အတွက် “ဗမာစစ်တပ်အခက်၊ အာရက္ခတပ်တော်အချက်” ဆိုသကဲ့သို့ပင် ဖြစ်သွားခဲ့သည်။ အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အုံကြွဆူပူမှုများကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဗမာစစ်တပ် ဗျာများနေရချိန်သည် အာရက္ခတပ်တော်အတွက် မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေဆိုသော အချိန်အခါ ဖြစ်သွားခဲ့သည်။
အာဏာရှင် ဗမာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) အစိုးရအပေါ် အာဏာသိမ်းယူနိုင်ရန်အတွက် မည်သည့်အချိန်ကတည်းက ကြိုတင် အကွက်ချ စီစဉ်နေခဲ့ကြောင်းကို မည်သူကမျှ တပ်အပ် သေချာစွာ မပြောနိုင်ကြသော်လည်း ပိရိ သေသပ်လွန်းလှသည့် အာဏာသိမ်းမှုသည် နာရီပိုင်းမျှသာ ကြာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များကို ခြံထဲမှ ကြက်ကလေး၊ ငှက်ကလေးများပမာ အလွယ်တကူ ဖမ်းဆီးချုပ်နှောင်လိုက်ပြီးနောက် အာဏာသိမ်းမှုသည် နာရီအနည်းငယ်အတွင်း အထမြောက် သွားခဲ့သည်။
ထိုသို့ အာဏာသိမ်းခြင်းကို ဗမာ အာဏာရှင်စစ်တပ်မှ အကြောင်းပြသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများကို အင်တိုက်အားတိုက် ကျူးလွန်းခဲ့ပြီး မတရားသော မဲစာရင်းဖြင့် ရွေးကောက်ပွဲအား အနိုင်ယူခဲ့ခြင်းကြောင့်ဟု ဆိုသည်။ ၎င်းတို့ အာဏာသိမ်းစစ်တပ်အနေဖြင့် NLD အစိုးရ၏ မဲမသမာမှုများကို စိစစ်ဖြေရှင်း ပြီးသွားပါက ရွေးကောက်ပွဲ ထပ်မံကျင်းပကာ ပြည်သူ့လက်ထဲသို့ အာဏာပြန်လွှဲမည်ဟု ဆိုလေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ဆယ်စုနှစ် တခုကျော်အကြာ ၁၉၆၁ ခုနှစ်၊ မတ်လ (၂) ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းမှု ဖြစ်စဉ်မှစတင်ကာ ခေတ်အဆက်ဆက် အာဏာရှင် ဗမာစစ်တပ်နှင့် လူမျိုးကြီးဝါဒီ ဗမာအစိုးရ အဆက်ဆက်တို့၏ အာဏာရှင် စာအုပ်ထူထူကြီးများကို နောကြေအောင် ဖတ်ရှုထားခဲ့ကြပြီးဖြစ်သော ပြည်သူထုထုသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြောင်းပြချက်နှင့် အာဏာ ပြန်လွှဲအပ်မည်ဆိုသော ကတိကဝတ်ကို အယုံအကြည် မရှိကြပေ။ အာဏာရှင် ဗမာစစ်တပ်သည် ၎င်းတို့ စစ်ခေါင်းဆောင်နှင့် စစ်ခေါင်းဆောင်အား သစ္စာခံ အပေါ်ပိုင်းလူတစုကောင်းစားရေးမှလွဲလျှင် မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အပြင် မည်သည့် ကတိကဝတ်ကိုမျှလည်း တည်ကြည်ခဲ့သော စစ်တပ် မဟုတ်ချေ။ စစ်တပ်သည် ၎င်းတို့ ကောင်းစားရေးအတွက်ဆိုလျှင် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတော်ကို ချောက်ထဲသို့ တွန်းချပစ်လိုက်ရန် ဝန်မလေးတတ်သော စစ်တပ်ပင် ဖြစ်သည်။ သို့သော် ထိုစစ်တပ်နှင့် ထိုစစ်တပ်၏ ခေါင်းဆောင်တို့သည် သူတို့ကိုယ်သူတို့ နိုင်ငံတော်ကို ချောက်ထဲကျရန် လက်တလုံးအလိုမှ ကယ်တင်ထားရသည့် ကယ်တင်ရှင်များအဖြစ် အမြဲတမ်း ဂုဏ်ယူ ပြောကြားကြလေ့ ရှိ၏။ ထိုစကားမှာ မြန်မာ့နိုင်ငံရေးလောကထဲမှ ကလိထိုးရယ်ရသည့် ပြက်လုံးတခုပင် ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ စစ်တပ်မှ အာဏာသိမ်းပြီး ရက်ပိုင်းအကြာ၌ပင် မြန်မာနိုင်ငံ၏ မြို့ကြီးပြကြီးများ ဖြစ်ကြသော ရန်ကုန်နှင့် မန္တလေးတို့တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ အုံနှင့်ကျင်းနှင့် ပေါ်ပေါက်လာကြတော့သည်။ ဤသို့ဖြင့် ၂၀၁၀ ခုနှစ်မှ စတင်လာခဲ့သော မလုံ့တလုံ ရွေးကောက်ခံ ဒီမိုကရေစီစနစ်သည် အရပ်သားတပိုင်း အာဏာရှင် အစိုးရ (၂) ဆက်ဖြင့် နိဌိတံ သွားခဲ့ရသည်။ ထို့အပြင် မြန်မာ့မြေပေါ်၌ မြေစမ်းခရမ်းပျိုး အဆင့်ထက် မပိုသေးသည့် နုနုငယ်ငယ် ဒီမိုကရေစီသည်လည်း ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် စစ်ဖိနပ်အောက်သို့ တဖန် သက်ဆင်းသွားရ ပြန်လေသည်။
ရက်ကြာလာသည်နှင့်အမျှ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများသည် ရန်ကုန်နှင့် မန္တလေးမြို့များမှတဆင့် ဗမာအများစုနေထိုင်ရာ တိုင်းဒေသကြီးများကို ကျော်လွန်ကာ တိုင်းရင်းသားပြည်နယ်များသို့တိုင် တစစ ပျံ့နှံ့လာခဲ့သည်။ ထို့အပြင် နိုင်ငံတဝှမ်းမှ အစိုးရဝန်ထမ်း အများစုသည်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်မှု (CDM) လုပ်လိုက်ကြသဖြင့် စစ်တပ် ချုပ်ကိုင်ထားသော အစိုးရယန္တရားလည်ပတ်နိုင်မှုမှာ ရပ်တံ့လုမတတ်ပင် ဖြစ်သွားခဲ့ရလေသည်။ ထိုသို့ နိုင်ငံနှင့်အဝှမ်း လူထု ဆန္ဒထုတ်ဖော်မှုများကို အာဏာသိမ်းစစ်တပ်နှင့် စစ်တပ်၏ လက်ပါးစေ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုများ ပြုလုပ်လာချိန်တွင်တော့ လူထု၏ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်မှုများသည် လက်နက်ကိုင် လမ်းစဉ်ဆီသို့ ရောက်ရှိ သွားကြတော့သည်။ ထိုကာလအတွင်း၌ပင် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆန္ဒပြ လူငယ်များ၏ ဦးခေါင်းတည့်တည့်သို့ ချိန်ရွယ်ပစ်ခတ်မည်ဆိုသည့် လူမိုက်ဆန်သော စကားကို ပြောကြားခဲ့သေးသည်မှာ သမိုင်းဝင် စကားပင် ဖြစ်ပေသည်။
လက်နက်အားကိုးဖြင့် နှစ်ပေါင်းများစွာ ဗိုလ်ကျ စိုးမိုးချယ်လှယ်နေသည့် အာဏာရှင်စစ်တပ်ကို ယဉ်ကျေးသည့် စကားလုံးများဖြင့် ခုခံတွန်းလှန်နေ၍ မရဟူသော အတွေးသည် မျိုးဆက်သစ်လူငယ် (G-Z) တို့၏ နှလုံးသားထဲ ကိန်းအောင်းသွားကြတော့သည်။ တိုင်းရင်းသား လူမျိုးအားလုံးနှင့် ပြည်ထောင်စုအပေါ်တွင် နှစ်ပေါင်း (၇၀) ကျော်မျှ ဂုပ်သွေးစုပ်နေခဲ့သည့် လူမဆန်သည့် စစ်တပ်ကို နိုင်ငံရေးထဲမှ အပြီးပိုင် မောင်းထုတ်ပစ်နိုင်ရန်မှာ ဓားကို ဓားချင်း၊ တုတ်ကို တုတ်ချင်း၊ သေနတ်ကို သေနတ်ချင်း ပါဝါ ချိန်ခွင်လျှာ ညှိနိုင်မှသာ ဖြစ်တော့မည်ဟု လူငယ်ထုက လက်ခံလာခဲ့ကြသည်။ ထိုယုံကြည်ချက်သည် နိုင်ငံအဝှမ်းမှ အရွယ်ကောင်း ခေတ်ပညာတတ် လူငယ်အများအပြားကို လက်နက်ကိုင် လမ်းစဉ်ဆီသို့ အားကုန် တွန်းထုတ်လိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့သည်။
ထိုအချိန်မှ စတင်ကာ အလွှာပေါင်းစုံမှ လူငယ်လူရွယ် အများစုတို့သည် တိုင်းရင်းသား လက်နက်ကိုင် လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်ကာ အခြေခံစစ်ပညာ သင်ကြားခြင်းနှင့် လက်နက်၊ လူသူအင်အား စုဆောင်းခြင်းတို့ကို လုပ်ဆောင်လာခဲ့ကြ၏။ စစ်အာဏာသိမ်းပြီး တနှစ်ခန့် အတောအတွင်း၌ပင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များမှ မွေးထုတ်ပေးလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ မြန်မာပြည်အနှံ့တွင် မှိုစို့ထွက်သကဲ့သို့ပင် ထွက်လာကြတော့သည်။ ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့်အတူ မြန်မာ့နွေဦး တော်လှန်ရေးဆိုသော စကားလုံးမှာလည်း လူထုကြား ပျံ့နှံ့လာခဲ့တော့သည်။
ထူးခြားသည်မှာ ဗမာအာဏာရှင် စစ်တပ်၏ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအဝှမ်း တိုင်းနှင့်ပြည်နယ်အားလုံးတွင် လူထုအုံကြွမှုများဖြင့် ငရဲပွက်နေခဲ့သော်လည်း ရက္ခိုင်ပြည်တွင်း၌မူ တည်ငြိမ်သော ကန်ရေပြင်ပမာ အေးချမ်းနေခဲ့ခြင်းပင် ဖြစ်၏။ သို့သော် သည်မတိုင်မီ ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းအထိ ကာလများအတွင်း၌မူကား မြန်မာတနိုင်ငံလုံး တည်ငြိမ်အေးချမ်းနေခဲ့ပြီး ရက္ခိုင်ပြည်တွင်းတွင် စစ်မီးစစ်လျှံများ အပြင်းအထန် တောက်လာင်နေခဲ့ရသည်။ နှစ်နှင့်ချီကာ တောက်လောင်နေခဲ့ရသော ထိုစစ်မီးတောက် မီးလျှံများသည် ဗမာစစ်တပ်မှ အာဏာမသိမ်းမီ လပိုင်းအလို၌ပင် ရုတ်ချည်း ရပ်တံ့သွားခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတခုထဲမှ လှည့်ကွက်တခု (သို့မဟုတ်) အာဏာသိမ်းစစ်တပ်၏ အာဏာသိမ်းရန် ကြိုတင်ပြင်ဆင်မှုတခုဟု ဆိုရမည်ပင် ဖြစ်လေသည်။
ရက္ခိုင်တို့၏ တော်လှန်ရေးသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက အနည်းဆုံး အပိုင်း (၆) ပိုင်းခန့်ကို ပျမ်းမျှ ခွဲခြမ်းစိပ်ဖြာ ကြည့်ကြရမည်ပင် ဖြစ်သည်။ ရက္ခိုင်သမိုင်းကို သမိုင်းမစတင်မီ ပါးစပ်ရာဇဝင်ခေတ်နှင့် သမိုင်းတွင်ပြီးခေတ် ဟူ၍ နှစ်ပိုင်း တွေ့ကြရမည် ဖြစ်သည်။ သမိုင်း မစတင်မီခေတ် ရာဇဝင်တို့၏ အလိုအရ ရက္ခိုင်လူမျိုးတို့သည် ဝါသုဒေဝ၊ ဗလဒေဝ ညီနောင်များမှတဆင့် ရှေးဦးဝေသာလီနှင့် ဒွါရွာဝတီတို့ကို တည်ထောင်ကာ ရက္ခိုင်ကို စတင် နိဒါန်းပျိုးလာခဲ့ကြောင်း ဆိုသည်။ ထို့ထက် ပိုမိုရှေးကျသော ရာဇဝင်များထဲတွင်မူ ရက္ခိုင်အစကို ရမ္မာဝတီမှဟု ဆိုသည်။
သမိုင်းတင်သည့် ခေတ်တွင်တော့ ရက္ခိုင်အစ ဖြစ်တည်ရာသည် မာရယုမင်း (BC-3325) ဖြစ်ပြီး ထိုမင်းသည် လက်ရှိ ရက္ခိုင်တို့၏ ဓညဝတီမြို့ပြကို တည်ထောင်ကာ စိုးစံလာခဲ့သည်။ ထိုအချိန်မှ စတင်ကာ ပထမ ဓညဝတီခေတ် (BC-3325-1507)၊ ဒုတိယ ဓညဝတီခေတ် (BC-1507-580)၊ တတိယ ဓညဝတီခေတ် (BC-580-AD-327)၊ ဝေသာလီ ကျောက်လှေကားခေတ် (AD-327-818)၊ လေးမြို့ခေတ် (AD-818-1430)၊ ပထမ မြောက်ဦးခေတ် (AD-1430-1531)၊ ဒုတိယ မြောက်ဦးခေတ် (AD-1531-1638)၊ တတိယ မြောက်ဦးခေတ် (AD-1638-1785) ဟူ၍ ခေတ်ကြီး (၄) ခေတ်၊ ရက္ခိုင်ဘုရင်မင်းဆက်ပေါင်း (၂၃၇) ဆက်နှင့် စိုးစံနှစ်ပေါင်း (၅၁၈၄) နှစ်အထိ တည်တံ့ခဲ့ကြောင်း သမိုင်းဆရာများမှ ဆိုသည်။ သို့သော် ထိုသို့ နှစ်ပေါင်းထောင်ချီကာ အချုပ်အခြာ အာဏာပိုင် လူမျိုးတမျိုးအဖြစ် ရပ်တည်လာခဲ့ကြသော ရက္ခိုင်ဘုရင့်နိုင်ငံတော်သည် AD-1784 ခုနှစ်တွင် ရက္ခိုင်သစ္စာဖောက် ငသံဒွေကို အကြောင်းပြုကာ အမရပူရဘုရင် ဘိုးတော်မောင်ဝိုင်း၏ ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ခြင်း ခံရပြီး ကျရှုံးသွားခဲ့ရလေသည်။
ရက္ခိုင့်တော်လှန်ရေး၏ ပထမဦးဆုံးအပိုင်းသည် ရက္ခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးသွားခဲ့သည် AD-1785 မှ AD-1826 ခုနှစ်အထိ ခေတ်ဦးတော်လှန်ရေး ဖြစ်သည်။ မြောက်ဦး မင်းနေပြည်တော်သည် အမရပူရတို့၏ ထိုးစစ်တွင် ခရစ်နှစ်-၁၇၈၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၌ ကျရှုံးခဲ့သည်။ ထို့နောက် ရက္ခိုင်ဘုရင် မဟာသမ္မတရာဇာနှင့် မိဖုရားမြသန္တာတို့သည် ခရစ်နှစ်-၁၇၈၅ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်တွင် ကျွန်းသာယာတွင် ဖမ်းဆီးခံခဲ့ရပြီး ရက္ခိုင်တို့၏ အချုပ်အခြာအာဏာ အားလုံး အဆုံးသတ် သွားခဲ့ရသည်။ ဗမာဘုရင်သည် ရက္ခိုင်ကို စစ်နိုင်ပြီးနောက် မြို့ဝန်များဖြင့် နှစ်ပေါင်း (၄၀) ခန့်မျှအထိ ဓားမိုးပြီး ဖိနှိပ် အုပ်ချုပ်ခဲ့ကြသည်။ ထိုအချိန်မှ စတင်ကာ လက်လွှတ် ဆုံးရှုံးသွားခဲ့ရသော ရက္ခိုင်ဘုရင့်နိုင်ငံတော်နှင့် အချုပ်အခြာအာဏာကို ပြန်လည် ရရှိလာစေရန်အတွက် ရက္ခိုင့်ခေါင်းဆောင်များက ဗမာဘုရင်ကို တော်လှန်ပုန်ကန်မှု အကြိမ်ကြိမ် ပြုလုပ်လာခဲ့ကြသည်။
ဗမာဘုရင်၏ စစ်တပ်များ ရက္ခိုင်ပြည်ထဲသို့ စတင်ဝင်ရောက် လာချိန်မှစတင်ကာ အဦးဆုံး တော်လှန်ခဲ့ကြသည့် တောင်မင်းကျော်ထွီး၊ ဓားပိုင်ကြီးကျော်ပုံ၊ ဓမ္မရာဇ်ရာဇာ၏ သားတော် သက်စံရွှေ၊ သမ္မတရာဇာမင်း၏ ညီတော် လှရွှေချစ်၊ လမူးစား ဟရီ၊ ငပေါလုံး၊ ငထောင်တောင်း၊ ငကာဇံ၊ ကျွဲတကောင်နိုင်၊ ဗိုလ်ချင်းပျံ စသဖြင့် တော်လှန်ရေး သူရဲကောင်းများ ရဲရဲတောက် ပေါ်ထွန်းခဲ့သည်။ ဗိုလ်ချင်းပျံသည် ဘင်္ဂလားနှင့် အိန္ဒိယနယ်တို့ကို စိုးမိုးထားသည့် အင်္ဂလိပ်တို့နှင့် မဟာမိတ်ပြုကာ ပူးပေါင်း၍လည်းကောင်း၊ မိမိ၏တပ်ကို မိမိကိုယ်တိုင် တည်ဆောက်၍လည်းကောင်း ဗမာတို့ကို နည်းပေါင်းစုံဖြင့် သူပုန်ထ တော်လှန်ခဲ့ သည်။ ဗိုလ်ချင်းပျံ၏ တော်လှန်ရေးသည် မြောက်ဦး နေပြည်တော်မှလွဲ၍ ရက္ခိုင်ပြည်အနှံ့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော်လည်း လက်နက်လူသူအင်အားချို့တဲ့မှုကြောင့် ကြာရှည် တောင့်မခံနိုင်ခဲ့ဘဲ ပြန်လည် လက်လွှတ်ခဲ့ရသည်။
ခရစ်သက္ကရာဇ်-၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်တို့သည် ဗမာဘုရင်လက်ထဲမှ ရက္ခိုင်ကို စစ်ကြောငြာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ချင်းပျံနှင့် အပေါင်းအပါ ရက္ခိုင့်ခေါင်းဆောင်များသည် အင်္ဂလိပ်တို့နှင့် မဟာမိတ်ပြုကာ စစ်ကူ တိုက်ပေးခဲ့ကြသည်။ ရက္ခိုင်ခေါင်းဆောင်တို့ မျှော်လင့်ထားခဲ့ကြသည်မှာ ရက္ခိုင်ပြည်ထဲ၌ ဗမာဘုရင်၏ စစ်တပ်များ မရှိတော့ပါက အင်္ဂလိပ်တို့ လက်ထဲမှ အသာတကြည် ပြန်လည် တောင်းခံနိုင်လိမ့်မည်ဟူ၍ ဖြစ်သည်။ ရက္ခိုင်ကို စစ်တိုက်၍ရာတွင် အင်္ဂလိပ်တို့ဖက်မှ သေနတ်ကိုင် စစ်သားများ ကူညီပေးရန်၊ ရက္ခိုင်ကို ပြန်လည်ရယူပြီးပါက အင်္ဂလိပ်တို့က ရက္ခိုင်ခေါင်းဆောင်များ လက်ထဲသို့ ရက္ခိုင်ပြည်ကို ပြန်လည်အပ်နှံပေးရန်၊ အင်္ဂလိပ်တို့၏ အကူအညီပေးမှုအတွက် ရက္ခိုင်တို့က အင်္ဂလိပ်တို့အား ရွှေဒင်္ဂါး မည်မျှပေးဆောင်ရန် စသော အပြန်အလှန် အပေးအယူ ကိစ္စများကို မတိုက်မီကတည်းက ဗိုလ်ချင်းပျံတပ်ဖွဲ့နှင့် အင်္ဂလိပ်တို့ ပြောဆိုထားခဲ့ကြပြီးပင် ဖြစ်သည်။ သို့သော် ဗမာဘုရင် စစ်ရှုံးကာ ရက္ခိုင်ပြည်ထဲမှ ဆုပ်ခွာသွားပြီးသည့်နောက်တွင်တော့ အင်္ဂလိပ်တို့သည် ရက္ခိုင်ခေါင်းဆောင်များ လက်ထဲသို့ ရက္ခိုင်ပြည်ကို ပြန်လည်ထည့်မပေးတော့ချေ။ ထို့နောက် ခရစ်သက္ကရာဇ်-၁၈၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်တွင် စစ်ရှုံး ဗမာဘုရင်ကိုယ်စားလှယ်အဖွဲ့နှင့် အင်္ဂလိပ်တို့ ရန္တပိုစာချုပ်ကို ချုပ်ဆိုကာ ရက္ခိုင်ကို အင်္ဂလိပ်တို့က တရားဝင် သိမ်းပိုက် ရယူလိုက်တော့သည်။ ထိုအချိန်မှ စတင်ကာ ဗမာပဒေသရာဇ်ကျွန်အဖြစ်မှ အင်္ဂလိပ် ကိုလိုနီကျွန် လက်လွှဲလက်ပြောင်း ဖြစ်သွားခဲ့ရသည့် ရက္ခိုင်တို့မှာ အင်္ဂလိပ်ကို တဖန် ပြန်လည် တော်လှန်ရပြန်သည်။ မင်းသားကြီးရွှီဗန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီ၊ မြို့သူကြီးအောင် ကျော်ဇံရို့သည် အင်္ဂလိပ်ကိုလိုနီကို တော်လှန်ခဲ့ကြသည့် တော်လှန်ရေးခေါင်းဆောင်များပင် ဖြစ်သည်။
ရက္ခိုင်တို့၏ သမိုင်းထဲမှ ဗမာ့ပဒေသရာဇ် တော်လှန်ရေး မအောင်မြင်ရခြင်း အကြောင်းအရင်းများကို ဆန်းစစ်ကြည့်မည် ဆိုပါက ရက္ခိုင်လူမျိုးပြည်သူပြည်သားများသည် လူမျိုးတုန်း သတ်ဖြတ်သည်ကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရသည် ဖြစ်သဖြင့် တော်လှန်ပုန်ကန်ရန် ကြောက်ရွံ့ခြင်း၊ တော်လှန်သူများတွင် ရိက္ခာ၊ လက်နက်၊ လူသူအင်အား စုဖွဲ့မှု အားနည်းခြင်း၊ စစ်တပ်တခုအသွင် တည်ထောင်နိုင်မှု မရှိခြင်း၊ ရန်သူ၏ အားနည်းချက်၊ အားသာချက်နှင့် နယ်မြေဒေသတို့၏ အားနည်းချက်၊ အားသာချက်တို့ကို အခွင့်ကောင်းယူကာ စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာများ မရေးဆွဲနိုင်ခြင်း၊ တမျိုးသားလုံး ပူးပေါင်းပါဝင်သော အမျိုးသား တော်လှန်ရေးတရပ်အသွင် မဆောင်နိုင်ခဲ့ခြင်း၊ စစ်ရေးအရ အောင်နိုင်အောင် တိုက်နိုင်သော်လည်း သိမ်းပိုက်ရရှိလာသော နယ်မြေများကို ထိမ်းချုပ်ရေးနှင့် စီမံအုပ်ချုပ်ရေး ကိစ္စရပ်များကို နားမလည်ခြင်း စသည်တို့ကြောင့် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။
ရက္ခိုင့်တော်လှန်ရေး၏ ဒုတိယအပိုင်းသည် AD-1826 မှ AD-1948 ခုနှစ်အထိ ကာလများဖြစ်ပြီး ထိုကာလသည် အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်နေချိန်ပင် ဖြစ်သည်။ ကိုလိုနီနယ်ချဲ့ လက်အောက်တွင် နှစ်ပေါင်း (၁၂၀) ခန့် နေထိုင်ခဲ့ရသော ကာလများတွင် တိုင်းရင်းသားများအားလုံး တပြေးညီ နေထိုင်ခဲ့ရသည်ဖြစ်သဖြင့် ထွေထွေထူးထူး ပြောစရာ မရှိပေ။ ထိုကာလမျိုးတွင် ရက္ခိုင်ပြည် လွတ်မြောက်ရေးအတွက် သီးခြား လှုပ်ရှားမှုဆိုသည်ထက် ဖိနှိပ်ခံတိုင်းရင်းသားများ အားလုံးအတူတကွ အင်္ဂလိပ်တို့ လက်အောက်မှ လွတ်မြာက်ရေးကိုသာ ရှေးရှု လုပ်ဆောင်ခဲ့ကြသည်။ ရက္ခိုင်လူမျိုး ဆရာတော် ဦးဥတ္တမသည် ပြည်ထောင်စုစိတ်ဓာတ်နှင့် လွတ်လပ်ရေးမျိုးစေ့ကို ပထမဦးဆုံး ချပေးခဲ့သည့် သမိုင်းဝင် ဆရာတော်တပါး ဖြစ်ခဲ့သည်။ သို့သော် ထူးခြားဖြစ်စဉ်အနေဖြင့် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို (၉၁) ဌာန အုပ်ချုပ်ရေးပေးစဉ်အခါက ရက္ခိုင်ခေါင်းဆောင်များသည် ရက္ခိုင်ကို ဗမာလက်အောက်မှ သီးခြားခွဲထုတ်ပေးရန်အတွက် တောင်းဆိုမှုများ ရှိခဲ့၏။ ထို့အပြင် လွတ်လပ်ရေး ရပြီးနောက် ဆရာတော်ဦးစိန္တာနှင့် ဘုံပေါက်သာကျော်တို့၏ လှုပ်ရှားမှုသည် ရက္ခိုင့်အမျိုး သား လွတ်မြောက်ရေးဆီသို့ ဦးတည်ခဲ့ကြသည်ကို တွေ့ရ၏။ ရက္ခိုင်တို့၏ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေးသည် စိတ်ရင်းစေတနာ မှန်ခဲ့သော်လည်း အားမတန် မာန်လျှော့ကာ တခန်းရပ် သွားခဲ့ရသည်။ ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသားအားလုံး အင်္ဂလိပ်တို့ လက်အောက်မှ လွတ်မြောက်ပြီးချိန်တွင် ရက္ခိုင်တို့သည် ကိုယ်ပိုင်ပြဌာန်းချက်များဖြင့် နေထိုင်နိုင်တော့မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း အမည်ခံ ပြည်ထောင်စုအတွင်းမှ ဗမာတို့၏ ခေတ်သစ်ကိုလိုနီ ပြုခြင်းကိုသာ ဆက်လက် ခံကြပြန်သည်။
ရက္ခိုင့်တော်လှန်ရေး၏ တတိယပိုင်းသည် AD-1948 မှ AD-1963 အထိ ကာလများပင် ဖြစ်သည်။ ထိုကာလသည် ရက္ခိုင်ဖြစ်ခွင့်ကို ရက္ခိုင်တို့ကိုယ်တိုင် ပြန်လည် တောင်းခံခဲ့ရသည့် ရင်နာဖွယ် ကာလဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအားလုံးသည် ပြည်ထောင်စု မြန်မာနိုင်ငံဟု ဖြစ်မလာမီ အချိန်ကတည်းက ကိုယ်တိုင် ကိုယ်ပိုင် အချုပ်အခြာ အာဏာများဖြင့် နေထိုင်လာခဲ့ကြသူများပင် ဖြစ်သည်။ ထိုအထဲတွင်မှ ရက္ခိုင်တို့သည် ကိုယ်ပိုင်ဘုရင့်နိုင်ငံတော်ကို ထူထောင် နေထိုင်လာခဲ့သော လူမျိုးကြီး တမျိုးပင် ဖြစ်သည်။ မြန်မာနိုင်ငံထဲတွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ထူထောင်နေထိုင်ခဲ့ကြသည့် လူမျိုးများအဖြစ် ရက္ခိုင်၊ မွန်နှင့် ဗမာတို့သာ ရှိသည်။ ပျူလူမျိုးတို့မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သဖြင့် ပြောစရာ မလိုအပ်တော့ချေ။
အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရယူချိန်တွင် ပင်လုံစာချုပ်ဖြင့် တောင်တန်းနှင့် ပြည်မ ပူးပေါင်းကာ လွတ်လပ်ရေး ရယူခဲ့ကြခြင်းသည်ပင်လျှင် ရက္ခိုင်တို့အတွက် ကိုယ်ပိုင်ဝိသေသ ပျောက်ဆုံးရမည့်ကိန်းသို့ ဆိုက်သွားခဲ့ရသည်။ ရက္ခိုင်လူမျိုးတို့သည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ၊ ကိုယ်ပိုင် အနုသုခုမပညာ၊ ဗိသုကာပညာ၊ ကိုယ်ပိုင်နယ်နိမိတ် အကျယ်အဝန်း၊ အချုပ်အခြာအာဏာပိုင် ဘုရင့်နိုင်ငံတော်ဖြင့် နေထိုင်လာခဲ့ကြသော လူမျိုးတမျိုးပင် ဖြစ်သော်လည်း လွတ်လပ်ရေး ရပြီးနောက်တွင်တော့ ထိုအရာများကို ဗမာတို့က ဒဏ္ဍာရီပမာပင် သဘောထားခဲ့ကြ၏။
အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် စီမံရေးဆွဲခဲ့ကြသည့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား လူမျိုးတမျိုးအဖြစ် ရပ်တည်ခွင့်နှင့် ပြည်နယ်ရရှိပိုင်ခွင့်တို့ကို ပြဌာန်းပေးထားသော်လည်း ထိုအခွင့်အရေးတို့ကို ရက္ခိုင်နှင့် မွန်တို့အား မပေးဘဲ ထိန်ချန်ထားခဲ့ကြသည်။ ဗမာတို့၏ အကြောင်းပြချက်မှာ ရက္ခိုင်နှင့် မွန်တို့သည် ဗမာနှင့် ကိုးကွယ်ရာ ဘာသာတူ၊ ဆင်းသက်လာရာ သမိုင်းကြောင်းတူသည့် လူမျိုးများ ဖြစ်သည်ဟုဆိုကာ ဗမာဇာတ်သို့ သွပ်သွင်းခြင်း ခံထားခဲ့ရသည်။ ရက္ခိုင်တို့သည် ကိုယ်ပိုင်စရိုက် လက္ခဏာဖြင့် နေထိုင်နိုင်သည့် ပြည်နယ်အဖြစ်ကို တောင်းခံခဲ့ကြသော်လည်း ဝန်ကြီးချုပ်ဦးနု၏ အကြိမ်ကြိမ် ကတိပျက်မှုများ၊ ငြင်းပယ်ခြင်းများကိုသာ ခံလာခဲ့ကြရသည်။ ၁၉၆၂ ခုနှစ်၊ မေလ (၂၀) ရက်တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်တွင်မှသာ ရက္ခိုင်တို့ ပြည်နယ်အဆင့်ကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍သာ ရက္ခိုင်တို့သည် ကိုယ်ပိုင်စရိုက် လက္ခဏာရှိသော ပြည်နယ်အဆင့်ကို မရယူခဲ့ဘဲ ဗမာတို့နှင့် အတူတူ ဗမာတိုင်းထဲ၌ အလိုက်သင့် နေထိုင်လာခဲ့မည်ဆိုပါက ရက္ခိုင်တို့၏ ကိုယ်ပိုင်စရိုက် လက္ခဏာများသည်သာမကဘဲ ရက္ခိုင်လူမျိုးသည်ပင် ဗမာမှုပြုခြင်း ခံကြရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ထိုအတွက်လည်း ကိုယ်ပိုင်စရိုက် လက္ခဏာနှင့် သီးခြားနေထိုင်နိုင်သော ရက္ခိုင်ပြည်အဖြစ်ကို ရရှိစေရန် ရက္ခိုင်ခေါင်းဆောင်တို့က အမြော်အမြင်ရှိစွာ ကြိုးစားခဲ့ရခြင်းပင် ဖြစ်သည်။ သို့သော် ရက္ခိုင်တို့သည် ပြည်နယ်အဆင့်ကို ရရှိခဲ့သော်လည်း ရက္ခိုင်တို့၏ နယ်နိမိတ် ပိုင်ဆိုင်နိုင်မှုမှာ များစွာ ကျဉ်းမြောင်းသွားရတော့သည်။
ရက္ခိုင်တို့ ပိုင်ဆိုင်သည့် နယ်နိမိတ် အကျယ်အဝန်းသည် ဗမာတို့ သိမ်းပိုက်လိုက်စဉ်တွင်လည်းကောင်း၊ အင်္ဂလိပ်တို့က ရန္တပိုစာချုပ် ချုပ်ဆိုကာ သိမ်းပိုက်ခဲ့စဉ်တွင်လည်းကောင်း ပလက်ဝနယ် အပါအဝင် နာဂရစ်အငူ (မော်တင်စွန်း) အထိ ဖြစ်သည်။ မော်တင်စွန်းတွင် ရက္ခိုင်ပညာရှိ အမတ်ကြီး မဟာပညာကျော်ကို သဂြိုလ်ခဲ့သည်ဟု သမိုင်းက ဆိုသည်။ ရှေးယခင်က ရက္ခိုင်တို့၏ နယ်နိမိတ် အကျယ်အဝန်းသည် ဧရိယာ စတုရန်းမိုင်ပေါင်း (၂၀၀၀၀) ကျော်သည်ဟု ဆိုသော်လည်း လက်ရှိ ဗမာအာဏာရှင်အစိုးရတို့ သတ်မှတ်လိုက်သည့် လက်ရှိ ရက္ခိုင့်နယ်နိမိတ်မှာ ဧရိယာ စတုရန်းမိုင်ပေါင်း (၁၄၂၀၀) ဟု ဆိုသည်။ ပလက်ဝနယ်နှင့် နာဂရစ်အငူတို့ကို ရက္ခိုင်တို့ ဆုံးရှုံးသွားခဲ့ရပေသည်။
ရက္ခိုင့်တော်လှန်ရေး၏ စတုတ္ထအပိုင်းသည် AD-1988 မှ AD-2000 အထိ ကာလများပင် ဖြစ်သည်။ ထိုကာလကို စစ်အာဏာရှင် နင်းပြားကာလများဟု ဆိုရမည် ဖြစ်သည်။ စစ်အာဏာရှင်တို့ အမည်အမျိုးမျိုး ပြောင်းလဲကာ အုပ်ချုပ်လာခဲ့သည့် ကာလတလျှောက်လုံးတွင် တိုင်းရင်းသားများသည် ဗမာလူမျိုးကြီးဝါဒီ၏ ခေတ်သစ် ကိုလိုနီပြုခြင်းကို သိသိသာသာ ဖြစ်စေ၊ မသိမသာ ဖြစ်စေ ခံလာခဲ့ကြရသည်။ တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင် ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့ ဖော်ထုတ်ခွင့်မရှိ၊ သမိုင်းဆိုင်ရာများနှင့် ရပိုင်ခွင့်များကို ဖော်ထုတ် တောင်းခံခွင့် မရှိသော ဘဝများဖြင့် နှိပ်ကွပ်ခံ လာခဲ့ကြရသည်။ ဗမာစာသည် တိုင်းရင်းသားတို့၏ စာ၊ ဗမာစကားသည် တိုင်းရင်းသားတို့၏ စကား၊ ဗမာယဉ်ကျေးမှုသည် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ဗမာသမိုင်းသည် တိုင်းရင်းသားတို့၏ သမိုင်း၊ ဗမာသူရဲကောင်းတို့သည် တိုင်းရင်းသားတို့၏ သူရဲကောင်းအဖြစ် ဦးနှောက်ဆေးခြင်း ခံလာခဲ့ကြသည်။
လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ မားမားမတ်မတ်ရှိသော တိုင်းရင်းသားများသည် ဗမာလူမျိုးကြီးဝါဒီတို့၏ ခေတ်သစ် ကိုလိုနီပြုခြင်းကို တဝက်တပြက်ခန့် ကာကွယ်နိုင်ကြသော်လည်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ မရှိသော တိုင်းရင်းသားများသည်ကား ဗမာလူမျိုးကြီးဝါဒီ အစိုးရအဆက်ဆက်နှင့် ဗမာအာဏာရှင်စစ်တပ်တို့ ပြုသမျှကို နုရသည့် အခြေအနေမျိုးပင် ဖြစ်၏။ ရက္ခိုင်ပြည်သည် ဗမာအစိုးရ အဆက်ဆက်တို့၏ ဗမာဇာတ်သွင်းခြင်းကို အပြင်းအထန် ခံလာခဲ့ရသော ပြည်ဖြစ်သည်။ ရက္ခိုင်လူမျိုးတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာ အကာအကွယ် ပေးနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ မရှိသဖြင့်လည်း ရက္ခိုင်သည် ဗမာဇာတ်သွင်းရာတွင် အကောင်းဆုံး ပြည်တခု ဖြစ်လာခဲ့ရသည်။
ခေတ်အဆက်ဆက် ဗမာလူမျိုးကြီးဝါဒီ အစိုးရတို့သည် ရက္ခိုင်ပြည်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ အစွဲဝင်သွားစေရန်အတွက် စီမံကိန်းချ၍ လုပ်ဆောင်ခဲ့ကြပုံ ပေါ်သည်။ လွတ်လပ်ရေး ရပြီးချိန်မှ စတင်ကာ ရပိုင်ခွင့် တောင်းဆိုမှုများဖြင့် ပဋိပက္ခ ထူပြောခဲ့သည့် ရှမ်းပြည်နယ်ကို ဗမာအစိုးရတို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် ခွဲခြမ်းစိပ်ဖြာပစ်ကာ ၎င်းတို့အချင်းချင်း ရန်တိုက်ပေး၍ နိုင်ငံရေး အမြတ်ထုတ်သည့် မဟာဗျူဟာ ခင်းခဲ့သည်။ ထိုဗျူဟာသည် တိုင်းရင်းသားများကို အင်အား ပြိုကွဲသွားစေသည့်အပြင် ဗမာဇာတ်သွင်းရန် အတွက်လည်း ပိုမို လွယ်ကူစေခဲ့သည်။ ထိုနည်းအတိုင်းပင် ရက္ခိုင်ပြည်တွင်လည်း ဗမာတို့သည် ထိုဗျူဟာကို ဗမာတို့ အသုံးချရန် စီစဉ်ခဲ့ခြင်း ဖြစ်ပုံရသည်။
ရက္ခိုင်ပြည်မှ ဗမာပြည်သို့ ကူးသန်းသွားလာနိုင်ရန်အတွက် လမ်းပမ်းဆက်သွယ်ရေးကို အတတ်နိုင်ဆုံး လွယ်ကူချောမွေ့စေရန် ဗမာအစိုးရ အဆက်ဆက်တို့က ဖန်တီးပေးခဲ့ကြပြီး ရက္ခိုင်ပြည်တွင်း ရက္ခိုင်အချင်းချင်း ဆက်သွယ်သွားလာရေးကိုမူ ခက်ခဲနေစေရန် ဖန်တီးထားခဲ့ကြသည်။ ထို့အပြင် ဗမာနယ်နိမိတ်နှင့် နီးကပ်သော ရက္ခိုင်တောင်ပိုင်း မြို့နယ်များကို လိမ္မာပါးနပ်စွာ ဗမာမှု ပြုခဲ့ကြသည်။ ခေတ်အဆက်ဆက် အစိုးရတို့၏ လုပ်ဆောင်ချက်မှာ အောင်မြင်သည်ဟုပင် ဆိုရပေသည်။ အဘယ်ကြောင့်ဆိုသော် ဤမြို့နယ်များအတွင်းတွင် အရှေ့မျှော်ဝါဒမှာ အတော်ပင် အခြေခိုင်သွားသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဤမြို့နယ်များအတွင်း၌ ဗမာစကား လွှမ်းမိုးခြင်း၊ ဗမာယဉ်ကျေးမှု လွှမ်းမိုးခြင်း၊ ဗမာသမိုင်းနှင့် သူရဲကောင်းဝါဒ လွှမ်းမိုးခြင်း၊ ဗမာ့နိုင်ငံရေး လွှမ်းမိုးခြင်းတို့ ပိုမို အားကောင်းခဲ့ခြင်း ဖြစ်သည်။ အခြားတဖက်တွင်တော့ ရက္ခိုင်သမိုင်းကို၊ ရက္ခိုင်ယဉ်ကျေးမှုနှင့် ရက္ခိုင့်နိုင်ငံရေးကို မသိနားမလည်သူ၊ မယုံကြည်သူများ ဤမြို့နယ်များတွင် ပေါများလာခဲ့ရသည်။ ဤသည်မှာ ရက္ခိုင်တို့၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးမည့် ရက္ခိုင်တော်လှန်ရေးတပ်ဖွဲ့ မရှိခဲ့ခြင်း၏ အကျိုးဆက်တခုပင် ဖြစ်ပေသည်။
ရက္ခိုင့်တော်လှန်ရေး၏ ပဉ္စမအပိုင်းသည် AD-2010 မှ AD-2015 အထိ ကာလများ ဖြစ်သည်။ ဤကာလကို အာရက္ခတပ်တော် (AA) ခေတ် (သို့မဟုတ်) အရပ်သားတပိုင်း အာဏာရှင်အစိုးရခေတ်ဟု ဆိုရမည် ဖြစ်သည်။ နိုင်ငံ၏အာဏာကို ဆယ်စုနှစ်ပေါင်းများစွာ ဓားမိုးအုပ်ချုပ်လာခဲ့သည့် ဗမာအာဏာရှင်စစ်တပ်၏ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၁၀ ခုနှစ် မတိုင်မီတွင် သက်ပြည့်ပင်စင် ယူရမည့်အချိန်သို့ ရောက်ရှိလာခဲ့၏။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်းအနားမယူမီ အချိန်အတွင်း၌ စစ်တပ်တခုလုံးကို ရေယိုပေါက်မရှိအောင် အကာအကွယ် ပေးထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲပြီး ၂၀၀၈ မတိုင်မီ အတည်ပြု ပြဌာန်းခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၎င်းတို့ ပြုလုပ်ခဲ့သမျှ အတိတ်က ပြစ်မှုမှန်သမျှကို အပြည့်အဝ အကာအကွယ် ပေးထားသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူပြီးအချိန်တွင် နောက်ထပ်တက်လာမည့် ဗိုလ်ချုပ်မှူးများက သူ့ကို တန်ပြန် အရေးယူနိုင်တော့မည် မဟုတ်ချေ။ သို့သော် တကယ့်အမှန်စင်စစ်တွင်လည်း သန်းရွှေသည် ၎င်းအပေါ်တွင် သစ္စာခံမည့်သူများကိုသာ ၎င်း၏ နေရာကို ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ရွေးကောက်ပွဲဖြင့် ဖြစ်တည်လာသော လွှတ်တော်ထဲ၌ ၎င်းတို့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ရွေးကောက်ခံစရာမလိုဘဲ ဝင်ရောက် နေရာယူနိုင်ကြမည်ပင် ဖြစ်၏။
သန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းလိုက်ပြီးနောက် သပွတ်အူ မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးထဲမှ လိမ္မာပါးနပ်စွာပင် နှုတ်ထွက်သွားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကို ရွေးကောက်ခံ ဒီမိုကရေစီ နိုင်ငံတနိုင်ငံအဖြစ် နိုင်ငံတကာမှ အမြင်ကြည်လာစေရန်အတွက် ၎င်းတို့ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း ၂၀၁၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲကို ကျင်းပစေခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ကြိုတင် စီမံကိန်း ရေးဆွဲထားသည့်အတိုင်း စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီ (USDP) မှ အနိုင်ရရှိလာခဲ့ပြီး စစ်တပ်မှ ကြိုတင် ယူနီဖောင်းချွတ်ထားသည့် ဦးသိန်းစိန်မှာ သမ္မတ ဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေ အရပ်သားတပိုင်း အာဏာရှင်သမ္မတ ဦးသိန်းစိန်၏ အစိုးရသက်တမ်း (၅) နှစ် အတွင်း၌ မြန်မာနိုင်ငံတွင် တကြိမ်တခါမှ မရရှိခဲ့ဖူးသည့် အခွင့်အရေးတချို့ကို ရရှိလာခဲ့ပြီး ဒီမိုကရေစီ အရသာကိုလည်း မြန်မာပြည်သူများ မြည်းစမ်းခွင့် ရရှိသွားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံတွင် အင်အားကြီး ပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ပြုလုပ်သည့် ရွေးကောက်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်လိုကြောင်း အတိအလင်း ပြောဆိုကာ သပိတ်မှောက်ခဲ့၏။ NLD ပါတီ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိမှုသည် ၎င်း၏ မိတ်ဖက်ပါတီများသို့ပါ အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ရက္ခိုင်ပြည်ထဲတွင် အတော်အတန် အင်အားရှိသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) သည်လည်း NLD နှင့် တသဘောတည်း ရပ်တည်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ရက္ခိုင်မှ ALD ပါတီတို့သည် ၁၉၉၀ ရွေးကောက်ပွဲတို့တွင် အသီးသီး အနိုင်ရရှိခဲ့ကြသော်လည်း စစ်တပ်မှ ထိုရွေးကောက်ပွဲ အနိုင်ရရှိခဲ့မှုကို အသိအမှတ်မပြုဘဲ စစ်အာဏာ သိမ်းခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး NLD ပါတီကိုမူ ဖျက်သိမ်းပစ်ခဲ့သည်။ ထိုနည်းအတိုင်းပင် ရက္ခိုင်မှ ALD ပါတီ ခေါင်းဆောင်တချို့လည်း ဖမ်းဆီးခံခဲ့ရပြီး ALD ပါတီကိုမူ စစ်အစိုးရမှ ဖျက်သိမ်းပစ်ခဲ့သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီအချိန်၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးသမားများကို လွှတ်ပေးခဲ့ပြီး ရွေးကောက်ပွဲ ဝင်ကြရန် တိုက်တွန်းခဲ့သေးသော်လည်း ၎င်းတို့မှ သပိတ်မှောက်ခဲ့ကြ၏။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရက္ခိုင်ပြည်တွင်းကို ကြည့်လိုက်ပါက ရက္ခိုင်ပြည်ထဲတွင် ရက္ခိုင်တမျိုးသားလုံးကို ကိုယ်စားပြုနိုင်သည့် ပါတီတရပ် မရှိဘဲ ဖြစ်နေသည်။ ထိုအခြေအနေမျိုးတွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) ပေါ်ထွက်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ရွေးချယ်စရာ မရှိသည့် ရက္ခိုင့် နိုင်ငံရေး အခင်းအကျင်းထဲတွင် ဒေါက်တာအေးမောင်၏ RNDP ပါတီသည် ရက္ခိုင်ပြည်တွင် မဲအများဆုံး အနိုင်ရရှိလာခဲ့သည်။
သမ္မတဦးသိန်းစိန်သည် သူ၏ အစိုးရ သက်တမ်းတလျှောက်တွင် နိုင်ငံကို အတတ်နိုင်ဆုံး မျက်စိဖွင့်၊ နားဖွင့် လုပ်ပေးနိုင်ခဲ့သည်ဟု ဆိုရမည်ပင် ဖြစ်၏။ အစိုးရသက်တမ်း (၅) နှစ်အတွင်း လျှပ်စစ်မီးရရှိရေး၊ လူတိုင်းစေ့ မိုဘိုင်းဖုန်း ကိုင်နိုင်ရေးနှင့် အင်တာနက် သုံးစွဲခွင့် ရရှိရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နှင့် စီတန်းလှည့်လည်ခွင့် အပါအဝင် တိုင်းရင်းသားတို့အပေါ်တွင် နှစ်ပေါင်းများစွာ ကန့်သပ် ချုပ်တည်းထားမှုများကို ပြန်လည်ဖြေလျှော့ကာ လွတ်လပ်ခွင့်များ ပေးလာခဲ့သည်။
သမ္မတဦးသိန်းစိန် သက်တမ်း (၅) နှစ် အတွင်း၌ ရက္ခိုင်ပြည်ထဲတွင် ရက္ခိုင်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများနှင့် ယခင်ကာလများက ကျင်းပခွင့် မပြုခဲ့သည့် ဆရာတော်ဦးဥတ္တမနေ့၊ ဆရာကြီး ဦးဦးသာထွန်းနေ့၊ ဆန်ပြဿနာနေ့၊ ရက္ခိုင်ဘုရင့်နိုင်ငံတော် ကျရှုံးခြင်းနေ့ စသဖြင့် အထိမ်းအမှတ်နေ့များကို ပြုလုပ်ကျင်းပခွင့် ရရှိလာခဲ့သည်။ ထိုသို့ လွတ်လပ်စွာ ပြောဆိုလှုပ်ရှားခွင့် ရရှိလာချိန်၌ပင် ရက္ခိုင်ပြည်အတွင်း ထူးခြားသော သမိုင်းဝင် ဖြစ်ရပ်တခု ဖြစ်ပေါ်လာခဲ့သည်။ ထိုဖြစ်ရပ်မှာ ရက္ခိုင်လူမျိုးနှင့် မျိုးနွယ်စုဝင် လူမျိုးများ အလွှာပေါင်းစုံ ပါဝင်သော ရက္ခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ သမိုင်း တထစ်ချိုး ဖြစ်ရပ်အဖြစ် ထိုရက္ခိုင်အမျိုးသားညီလာခံသို့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အခြေစိုက်ထားသည့် အာရက္ခတပ်တော်၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့်အဖွဲ့ တက်ရောက်လာခဲ့ခြင်းပင် ဖြစ်ပေသည်။
ရက္ခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် မကျင်းပမီကာလအတွင်း သမ္မတဦးသိန်းစိန်အစိုးရသည် နိုင်ငံတဝှမ်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (Nationwide Casefire Agrement- NCA) လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းနေခဲ့၏။ ထိုအချိန်ကာလသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဦးသိန်းစိန်တို့ ယုံကြည်မှု တည်ဆောက်နေသော ကာလဖြစ်သဖြင့် ကျောက်ဖြူတွင် ကျင်းပနေသည့် ရက္ခိုင်အမျိုးသားညီလာခံသို့ အာရက္ခတပ်တော် (AA) မှ တက်ရောက်ခွင့် ရရှိရန် ကမ်းလှမ်းမှုအပေါ် အသာတကြည် ခွင့်ပြုပေးခဲ့ဟန်တူသည်။ အခြားတဖက်တွင်တော့ ထိုစဉ်က အာရက္ခတပ်တော် (AA) ဆိုသည်မှာ အလွန် သက်တမ်းနုနယ်သော အဖွဲ့ငယ်တဖွဲ့ ဖြစ်သည့်အပြင် ရက္ခိုင်နှင့်ဝေးလံသည့် ကချင်တွင် အခြေစိုက်ထားဖြစ်သဖြင့် လျှော့တွက်ခဲ့ကြပုံ ပေါ်သည်။ တကယ်တန္တိတွင်လည်း ထိုစဉ်က အာရက္ခတပ်တော်သည် ဖွဲ့စည်းတည်ထောင်စအချိန် ဖြစ်သဖြင့် အဖက်ဖက်တွင် အားနည်းချက်များ ရှိနေဆဲ အချိန်ကာလပင် ဖြစ်သည်။
အာရက္ခတပ်တော် (Arakan Army – AA) ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် ကချင်ပြည်နယ်၊ လိုင်ဇာ၌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါက်တာညိုထွန်းအောင်တို့မှ ဦးဆောင်ကာ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စတင် တည်ထောင်စအချိန်တွင် လူဦးရေ (၂၆) ယောက်နှင့် ဖွဲ့စည်း တည်ထောင်ခဲ့ရခြင်း ဖြစ်သည်။
(ဆက်လက်ဖော်ပြ တင်ဆက်ပါမည်)
နီရီရီ
