NewsPolitic

တောင်မော်ကြီးရေတပ်စခန်းကို AA ပြန်လည် ထိုးစစ်ဆင်

အာရက္ခတိုင်းမ်စ် (၁၈ မေ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းဌာနချုပ်ဖက်ကို အာရက္ခတပ်တော်က တန်ပြန် ပြန်လည် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“စစ်တပ်က တော်မော်ကြီးကနေ စနဲနဲ့ မင်းပြင်ဖက်ကို စစ်ကြောင်းထိုးနေလို့ အဝတောင်၊ မြောချောင်းနဲ့ စံပယ်ချောင် စတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ အခု တပ်တော်က အဝတောင်က စစ်စခန်းကို ပြန်ထိုးနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲကတော့ တော်တော်လေးကို ပြင်းထန်တယ် ပြောရမယ်။ စစ်တပ်က ဒရုန်းတွေရော ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ရော ပစ်ကူတွေ ပေးနေတယ်။ ရာသီဥတု နည်းနည်းသာတာနဲ့ လေယာဉ်လည်း လာတယ်။ ကျောက်ဖြူမြို့ထဲကိုလည်း ဒဏ်ရာရတဲ့သူတွေ တော်တော်များများ ရောက်နေတယ်လို့လည်း ကြားတယ်။ အဆက်အသွယ်မရသေးလို့ အတိအကျတော့ မသိသေးဘူး” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တောင်မော်ကြီး ရေတပ်စခန်းအနီး တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ပထမအပတ်မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ဘက်က အကျအဆုံး များခဲ့တာကြောင့် လေကြောင်းကနေ ပစ်ကူတဲ့အပြင် စစ်အင်အားနဲ့ လူအင်အားပါ ဆက်တိုက်ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်နဲ့ မေလ ပထမပတ်က ဓညဝတီ ရေတပ်ဌာနချုပ် အပါအဝင် တောင်မော်ကြီး ရေတပ်စခန်းနဲ့ အုန်းကျွိန် ရေတပ်စခန်းတွေကို စစ်သ‌င်္ဘောတွေနဲ့ စစ်အင်အားနဲ့ လက်နက်တွေ ဖြည့်တင်းခဲ့ပြီး လက်ရှိမှာတော့ စစ်ကြောင်းတွေ ထိုးနေတာလည်း ဖြစ်ပါတယ်။

တဖက်မှာ စစ်ကော်မရှင်က စစ်ကြောင်းတွေ ထိုးနေပေမယ့် ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်း အပါအဝင် ကာကင်းတွေမှာလည်း ဘန်ကာ၊ ကတုတ်ကျင်းတွေကို ထပ်မံပြီး အသစ် ပြန်လည် တည်ဆောက်ကာ ခုခံနိုင်ရန် ပြင်ဆင်ထားပါတယ်။

Related posts

ဘင်္ဂလား BGB က AA လုံခြုံရေးစခန်းကို ပစ်ခတ်

Rakhita Times

စစ်တွေမှာ မီတာခ အဆမတန် ဈေးကြီးမှာကို လူထုစိုးရိမ်နေ

Rakhita Times

စစ်ကောင်စီရဲ့ ရုရှားခရီးစဉ်ဟာ လက်နက်သွားဝယ်တာဖြစ်နိုင်

Rakhita Times

154 comments

Leave a Comment