NewsPolitic

ပင်လယ်လိပ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း ပင်လယ်လိပ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငါးလုပ်ငန်းနဲ့ ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနက ဒီကနေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ရက္ခိုင်ပြည်အတွင်း ငါးလုပ်ငန်းနဲ့ ရေသယံဇာတတွေ စီမံခန့်ခွဲမှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ငါးလုပ်ငန်း ရေရှည်တည်တံ့ဖို့နဲ့ ရေသတ္တဝါမျိုးစိတ်တွေ ပွားများရှင်သန်နိုင်ဖို့အတွက် ရှားပါးရေသတ္တဝါမျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မျိုးသုဉ်းနိုင်တဲ့ရေသတ္တဝါတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ဂေဟစနစ် ပျက်စီးတာ၊ အဲဒီဂေဟစနစ်အတွင်း အပြန်အလှန်အကျိုးပြုနေတဲ့ ရေသယံဇာတတွေ ပျောက်ကွယ်တာ၊ အစာကွင်းဆက်တွေ ပျက်စီးတာ၊ အခြားမျိုးစိတ်တွေ ဝင်ရောက်နေရာယူတာကြောင့် မူရင်းမျိုးစိတ်တွေ ပျောက်ကွယ်ပြီး ငါးသယံဇာတ ရှားပါးလာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရှားပါးရေသတ္တဝါတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာ မပြုလုပ်ဖို့ အမိန့်အမှတ် (၁/၂၀၂၅) နဲ့ ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခု အချက် ၆ ချက်နဲ့ အသိပေးထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကတော့ –

(က) ပင်လယ်လိပ်တွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာ မပြုလုပ်ရ။
(ခ) ပင်လယ်လိပ်ဥတွေကို တူးဖော်၊ စုဆောင်း၊ ရောင်းချတာ မပြုလုပ်ရ။
(ဂ) ပင်လယ်လိပ်သား၊ လိပ်ဥနဲ့ ပင်လယ်လိပ်ရဲ့ အစိတ်အပိုင်းတွေကို လက်ဝယ်ထား၊ စုဆောင်း၊ တင်ပို့ရောင်းချတာ မပြုလုပ်ရ။
(ဃ) ပင်လယ်လိပ်တွေ ဥချရာ ကမ်းခြေတွေကို ဖျက်ဆီး၊ သဲတူးဖော်တာနဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ် မောင်းနှင်တာ မပြုလုပ်ရ။
(င) ပင်လယ်လိပ်တွေ ဥချနေစဉ် အနှောင့်အယှက်ဖြစ်စေတဲ့ ဓာတ်ပုံရိုက်တာ၊ ကမ်းခြေမှာ ပွဲလမ်းသဘင်ကျင်းပတာနဲ့ ဓာတ်မီးနဲ့ ချောင်းမြောင်းကြည့်ရှုတာ မပြုလုပ်ရ။
(စ) ပင်လယ်လိပ်တွေ ဥချရာ ကမ်းခြေတွေမှာ ပင်လယ်လိပ်တွေ ငြိတွယ်နိုင်တဲ့ ငါးဖမ်းပိုက်အဟောင်း၊ ပလတ်စတစ်နဲ့ အခြားအမှိုက်သရိုက်တွေ စွန့်ပစ်တာ မပြုလုပ်ရ။

ထုတ်ပြန်ချက်အရ အထက်ပါ တားမြစ်ချက်တွေထဲက တစ်ခုခုကို ကျူးလွန်တာ တွေ့ရှိရင် ငါးလုပ်ငန်းဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေအတိုင်း အရေးယူခံရမယ်လို့ အသိပေး ဖော်ပြထားပါတယ်။

Related posts

မြဝတီက လက်နက်ကြီးကျည် ထိုင်းဘက်ကျ၊ အရပ်သားတစ်ဦး ဒဏ်ရာရလို့ ထိုင်းစစ်တပ် နယ်စပ်မှာ အင်အားတိုးချ

Rakhita Times

မူးယစ်ဆေးဝါး ဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ ဦးခိုင်သုခ ပြော

Rakhita Times

အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ AA သတိပေး

Rakhita Times

Leave a Comment