အာရက္ခတိုင်းမ်စ် (၃၀ မေ ၂၀၂၆)
ရက္ခိုင်တမျိုးသားလုံးရဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် အောင်မြင်ရန် လက်တကမ်းအလိုကို ရောက်ရှိနေပြီလို့ အာရက္ခတပ်တော်က မေလ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“လက်ရှိအချိန်ကာလတွင် အာရက္ခပြည်လုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီး တမျိုးသားလုံးရဲ့ ရည်မှန်းချက်မှာ ရာနှုန်းပြည့် အောင်မြင်ရန် လက်တကမ်းအလိုကို ရောက်ရှိနေပြီး ဖြစ်ပါတယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီး အလုံးစုံ အပြည့်ဝ အောင်မြင်မှု ရရှိရေးအတွက်လည်း အာရက္ခစစ်သည်တော်များဟာ ရှေ့တန်း စစ်မျက်နှာများတွင် စစ်ကော်မရှင်တပ်များနဲ့ အပြင်းအထန် ဆက်လက် ရင်ဆိုင် တိုက်ပွဲဝင်နေကြပြီး ရှုံးမဲ မဲနေတဲ့ စစ်ကော်မရှင်ဟာ အာရက္ခပြည်သူလူထုများ နေထိုင်ရာ မြို့ရွာများကို လက်နက်ကြီး၊ လေကြောင်းများနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို ယခင်ထက် ပိုမို လုပ်ဆောင်လာနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်ဟာ အဆိုပါကဲ့သို့ လုပ်ဆောင်နေပေမယ် အာရက္ခတပ်တော်အနေနဲ့ အောင်မြင်မှုများ ရရှိလာခြင်းဟာ အာရက္ခစစ်သည်တော်များရဲ့ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်း စွန့်လွှတ် အနစ်နာခံမှု၊ ပေးဆပ် တိုက်ပွဲဝင်ပြီး အောင်ပွဲများ ရယူနိုင်ပေးခြင်းရဲ့ အကျိုးရလဒ်ဖြစ်တာအတူ ရဲရင့် ပြောင်မြောက်တဲ့ အာရက္ခပြည်သူလူထုများရဲ့ တာဝန်ကျေပွန်မှုကြောင့်လည်း ဖြစ်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
စစ်မြေပြင်တွင် စစ်ကော်မရှင်နဲ့ စစ်ရေးအရ အပြင်းအထန်ဆုံး ရင်ဆိုင်တိုက်ပွဲ ဝင်နေရသလို ULA/AA ကို နိုင်ငံတကာဖိအားများ သက်ရောက်စေရန် အားထုတ်ကြိုးပမ်းနေကြတဲ့ အစုအဖွဲ့များ၊ အမျိုးသား သစ္စာဖောက်အချို့ရဲ့ တကိုယ်တော် တိုက်ခိုက် ဆောင်ရွက်ချက်များကိုလည်း ဘက်စုံ ထောင့်စုံကနေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှုများ ကြားထဲက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ တိုင်းပြည် တည်ဆောက်ရေး ကဏ္ဍများနဲ့ ပြည်သူ့ဝန်ဆောင်မှုများကိုပါ အာရက္ခပြည်သူလူထုများနဲ့အတူ ခိုင်မြဲစွာ လက်တွဲလျက် အချိန်နဲ့တပြေးညီ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်နေတယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

1 comment
References:
Wyandotte casino izaakyiwb790099.ampedpages.com