NewsPolitic

စစ်အုပ်စုက ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် အထိမခံဖြစ်နေပုံရ

အာရက္ခတိုင်းမ်စ် (၁၄ ဩဂုတ် ၂၀၂၆)

စစ်ကော်မရှင်ဟာ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အာဆီယံနိုင်ငံကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် အထိမခံ ဖြစ်နေပုံရကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးရေးတွေပဲ အဓိက ပြောဆို တောင်းဆိုနေတာပါ။

ဒါကြောင့်ပဲ စစ်ကော်မရှင်ဟာ အာဆီယံအထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနဲ့ အခန်းကဏ္ဍတွေ ဆက်လက် လိုအပ်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် လုံခြုံမှုမရှိတာကို ပြသရာရောက်တယ်လို့ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျမကြည့်တာ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ဆိုတာ သူတို့ မဖြစ်နိုင်ဘူးနဲ့ တူတယ်။ ဟိုက ထပ်တောင်းဆိုလာမှာစိုးလို့ အပြတ်ငြင်းထားတာနဲ့ တူတယ်။ အဲဒီတော့ ထိုင်းက ခေါင်းဆောင်ကိုလည်း တစ်စုံတစ်ရာ စကားထည့်ထားခဲ့ပုံ ရတယ်လေ။ အဲဒါကြောင့်မို့လို့ သူအားတက်ပြီး ပြောတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ တကယ်တော့ သူတို့က ကျမ အခု ဒီစစ်ကောင်စီက လူတွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် တော်တော်ကို အထိမခံ ဖြစ်နေကြတယ်။ အသက်ရှင်လျက် ရှိတယ်ဆိုတာ လူထုက သိလိုက်တာတောင် လူထုက တော်တော် အားတက်သွားတာကို။ အဲဒါတွေကိုလည်း သူတို့ သတိပြုမိတယ် ထင်တယ်။ သူတို့စိတ်ထဲမှာ အခုထိ လုံခြုံမှု မရှိတာကို ပြတာပဲ။ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် နည်းနည်းမှ အထိမခံနိုင်ဘူးလို့ ဖြစ်နေပုံရတယ်။ လွှတ်တော်ထဲ ပြောတာတွေဆို ပိုတောင်ဆိုးသေးတာပဲ အာဆီယံနဲ့ပတ်သက်လို့ ပြောတာတွေက။ သူတို့ဟာသူတို့ ရအောင် ဆက်လုပ်နေပုံ ရှိပုံရတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ်လ ၈ ရက်နေ့မှာ ယခုအခါ မြန်မာနိုင်ငံမှာ ပြည်သူ လူထုရဲ့ ဆန္ဒနဲ့အညီ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှတဆင့် ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိတာကြောင့် နောင်မှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် အသစ် ခန့်အပ်ရေးနဲ့ သူ့ရဲ့ အခန်းကဏ္ဍမှာ ဆက်လက် လိုအပ်ခြင်း ရှိမှာမဟုတ်ဘူးလို့ မှတ်ယူကြောင်း ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌရဲ့ တောင်းဆိုချက်အပေါ် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ရဲ့ ဌာနေကိုယ်စားလှယ်တို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က တွေ့ဆုံခဲ့တာကို နိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က တရားဝင်အစိုးရ ဖြစ်ရေးဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်‌ပေးမယ့်အစား ကောင်းကောင်းမွန်မွန်ပဲ ဆက်လက် ထိန်းသိမ်းထားမယ့်အနေအထားဖြစ်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒီတော့ သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူတို့အစိုးရ တရားဝင်ဖြစ်ရေးပဲ။ အဲဒီ တရားဝင် ဖြစ်ရေးအတွက်တော့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ကြား ရှိတယ်၊ သူတို့ ကောင်းကောင်းမွန်မွန် ထားတယ်။ အဲဒီလောက်နဲ့ တချို့ပြည်သူတွေကလည်း ငြိမ်သွားရင်လည်း ငြိမ်သွားနိုင်တာကို။ အဲဒါလေးနဲ့ သွေးတိုးစမ်းပြီး စကြည့်တယ် ထင်တယ်။ အဲဒါကို အာဆီယံက ထပ်နင်းလာပြီး လွှတ်ပေးရမယ် ပြောတဲ့အခါကြတော့ လက်မခံနိုင် ဖြစ်သွားပုံရတယ်” လို့ သူက ပြောပါတယ်။

အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ၊ တန်းတူညီမျှမှုနဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးဆိုတဲ့ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားလိုက်နာသင့်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဖိအားပေးတာနဲ့ ဝင်ရောက်စွက်ဖက်တဲ့ သဘောဆောင်တဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားဖို့ စစ်ကောင်စီဘက်က ဆိုထားပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ နိုင်ငံခြားရေးမူဝါဒအတိုင်း ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ အာဆီယံနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

Related posts

သံတွဲ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေ

Rakhita Times

စစ်ကောင်စီရဲ့ မိုင်းကြောင့် ထိခိုက်သူ နေ့စဉ်ရှိနေ

Rakhita Times

လုပ်သားမရှိတဲ့အတွက် ပြည်ပအလုပ်အကိုင်လုပ်ငန်း ခမ်းခြောက်သွားနိုင်

Rakhita Times

Leave a Comment