အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၆)
ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်လာမယ့် လေဝဲစနစ်နဲ့ မုန်တိုင်းငယ် အခြေအနေတွေကြောင့် အောက်တိုဘာလ ၂၃ ရက်ကနေ ၂၆ ရက်အတွင်း ရက္ခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
အောက်တိုဘာလ ၂၄ ရက်မှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ နာရီလက်တံပြောင်းပြန် လည်ပတ်နေတဲ့ လေဝဲစနစ် စတင် အားကောင်းလာပြီး ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ အဲဒီ လေဝဲစနစ်က ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းဆီ ရွေ့လျားပြီး လေဖိအားနည်းရပ်ဝန်းကနေ ပိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်လာမယ်လို့ သိရပါတယ်။
အဲဒီ လေဖိအားနည်းစနစ်က အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းလွန် (အန်ဒရာပရာဒေ့ရှ်/ဩရိဿ ကမ်းလွန်) ဘက်ကို အဓိက ဦးတည်ရွေ့လျားမယ်ဆိုပေမယ့် လေဖိအားနည်းစနစ်ရဲ့ ပြင်ပလက်တက်တွေကြောင့် ရက္ခိုင်ပြည်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အပါအဝင် ကုန်းတွင်းပိုင်းဒေသ အများအပြားကို စိုထိုင်းဆများတဲ့ ပင်လယ်လေတွေ အဆက်မပြတ် တိုးဝင်လာမယ်လို့လည်း သိရပါတယ်။
အခုလို ပင်လယ်လေတွေ တိုက်ရိုက်တိုးဝင်လာတာကြောင့် အထူးသဖြင့် ရက္ခိုင်ပြည်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ အောက်တိုဘာလ ၂၃ ရက်ကစပြီး မိုးရွာသွန်းမှု အလွန်အားကောင်းကာ နေရာကွက်ပြီး မိုးကြီးတာနဲ့အတူ မိုးသက်လေပြင်းတွေ တိုက်ခတ်နိုင်ခြေလည်း ရှိနေပါတယ်။
ဒါကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ရက္ခိုင်၊ ဧရာဝတီ၊ တနင်္သာရီ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ အောက်တိုဘာလ ၂၃ ရက်ကနေ ၂၆ ရက်အတွင်း မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေအထိ မြင့်တက်လာနိုင်လို့ ရေလုပ်သားတွေ၊ ပင်လယ်ပြင်သွားလာသူတွေအနေနဲ့ အထူးသတိပြုကြဖို့ လိုအပ်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
