NewsPolitic

AA ဆီ အလင်းဝင်လာတဲ့ စစ်မှုထမ်း ၂ ဦးက ကျန်တပ်သားတွေကိုပါ ဝင်လာဖို့ တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၂၀ အောက်တိုဘာ ၂၀၂၆)

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က စိုးမင်းသိန်းနဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က အောင်ကျော်နိုင်တို့က စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီးနောက် အာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာကြောင်း AA က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်နဲ့ သူတို့ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

သူတို့က ကျန်နေတဲ့ စစ်မှုထမ်းတပ်သားတွေကိုလည်း မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

စိုးမင်းသိန်းက ၂၀၂၆ ခုနှစ် မေလ ၈ ရက်မှာ အလုပ်က ပြန်လာတုန်း လမ်းမှာ စစ်ဆေးခံရပြီး ရုံးတစ်ခုကို ခေါ်ဆောင်ခံရတယ်လို့ ပြောပါတယ်။ အဲဒီမှာ သူ့လက်ထဲ မူးယစ်ဆေးဝါးတွေ ထည့်ပေးပြီး ဓာတ်ပုံရိုက်ကာ “စစ်ထဲဝင်မလား၊ ထောင်ကျခံမလား” လို့ မေးခဲ့ပါတယ်။ ရိုက်နှက်ခံရပြီး နောက်ဆုံးမှာ စစ်တပ်ထဲ ဝင်မယ်လို့ ပြောခဲ့ရပါတယ်။ စစ်သင်တန်း ၄ လ တက်ပြီးနောက် ခမရ ၂၁၈ တပ်ရင်းကို ရောက်၊ ဗိုလ်တထောင်ဆိပ်ကမ်းကနေ ကျောက်ဖြူ၊ စနဲကုန်းဘက်ကို ပို့ခံရပါတယ်။ အဲဒီမှာ ကင်းစောင့်တာ (တစ်ကြိမ် ၆ နာရီ)၊ မြောင်းတူးတာတွေ လုပ်ခိုင်းပြီး မလုပ်နိုင်ရင် ရိုက်နှက်ဆဲဆိုခံရတယ်လို့ သူက ပြောပါတယ်။

ရှေ့တန်းက ဒဏ်ရာရသူတွေကို ထမ်းစင်နဲ့ နေ့စဉ် သယ်လာတာ မြင်ခဲ့ရပြီး စစ်မှုထမ်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်သူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် သူငယ်ချင်း ၂ ဦးနဲ့ ထွက်ပြေးလာခဲ့ရာ စစ်တပ်က ပစ်ခတ်ခဲ့ပေမယ့် မထိဘဲ AA နဲ့ တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။

အောင်ကျော်နိုင်ကတော့ ပြည်ကြီးတံခွန် တောင်မြင့်ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီသမား ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် မေလ ၁၂ ရက် မနက် ၅ နာရီမှာ အလုပ်သွားတုန်း လူ ၄ ဦးက ဖမ်းပြီး ရုံးကို ပို့ခဲ့တယ်လို့ ပြောပါတယ်။ ၂ ရက်ချုပ်ပြီးနောက် လားရှိုးမှာ ၃ လ၊ ရန်ကုန်မှာ ၁ လ သင်တန်းတက်ခဲ့ရပါတယ်။ သင်တန်းကာလ ထွက်ပြေးဖို့ ကြိုးစားတဲ့ ၂ ဦး ပြန်မိပြီး တစ်ဦးကို အချက် ၂၀ ရိုက်ကာ ခြေကျင်းခတ်ခံရတာကိုလည်း သူက ဆိုပါတယ်။ ရှေ့တန်းကို ပို့ခံရပြီး စနဲတောင်ကုန်းမှာ ၇ ရက်လောက် နေစဉ် မြောင်းတူး၊ ကင်းစောင့်ရပြီး နေမကောင်းလို့ ဆေးတောင်းတဲ့အခါမှာလည်း ဆဲဆိုခံရပါတယ်။ ဒဏ်ရာရသူတွေကို မြင်ပြီးနောက် သူငယ်ချင်းတစ်ဦးနဲ့ နေ့လယ်စာစားနားချိန်မှာ ထွက်ပြေးလာခဲ့ရာ ပစ်ခတ်ခံရပေမယ့် မထိဘဲ AA နဲ့ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးစလုံးက AA ဆီ အကူအညီတောင်းခဲ့ရာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပြီး လုံခြုံတဲ့နေရာကို ပို့ပေးခဲ့တယ်လို့ ပြောကြားကြပါတယ်။

Related posts

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် သံတွဲမြို့ပြည်သူတွေ လိုလားနေ

Rakhita Times

စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချပို့ဆောင်မယ့် ပွဲစား ၃ ဦးကို ထောင် ၁၀ နှစ်စီချမှတ်

Rakhita Times

စစ်တွေမြို့က ထွက်ပြေးတိမ်းရှောင်သွားတဲ့ဒေသခံအချို့ ပြန်ဝင်လာကြ

Rakhita Times

Leave a Comment