အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)
ရခိုင်သဟာယအသင်း (ရန်ကုန်) က အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ နှစ်စဉ်ချီးမြှင့်နေတဲ့ ၂၀၂၇ ခုနှစ်အတွက် တက္ကသိုလ်ပညာသင်ထောက်ပံ့မှုအစီအစဉ်ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ အသင်းက ထုတ်ပြန် ကြေညာထားပါတယ်။
ပညာသင်ဆုကို တက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံတွေ သွားရောက်သင်ကြားခွင့်ရရှိပြီး အခက်အခဲရှိတဲ့ ရက္ခိုင်နဲ့ ရက္ခိုင်နွယ်ဖွား ကျောင်းသူ၊ ကျောင်းသားတွေ လျှောက်ထားနိုင်ပါတယ်။
အစိုးရကျောင်းမှအပ ပြင်ပပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းကနေ အောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရမှတ်ပေါင်း အနည်းဆုံး ၃၀၀ ရရှိသူတွေပဲ လျှောက်ထားခွင့်ရှိတယ်လို့ ဆိုပါတယ်။
ဘော်ဒါဆောင် (သို့) ကိုယ်ပိုင်အထက်တန်းကျောင်းက အောင်မြင်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိတဲ့ အထောက်အပံ့ရှိသူ ကျောင်းသူ၊ ကျောင်းသားတွေကတော့ ဒီပညာသင်ဆုကို လျှောက်ထားဖို့ မလိုဘူးလို့ ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။
လျှောက်ထားမယ့်သူတွေက လျှောက်လွှာနဲ့အတူ ကိုယ်ဖြတ်သန်းခဲ့တဲ့ စိန်ခေါ်မှုတွေ၊ လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ အဓိကလိုအပ်ချက်တွေအပြင် ဘဝရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်ရေးသားတင်ပြတဲ့စာတစ်စောင် (A4 ၂ မျက်နှာခန့်) ကို သီးခြားစာအိတ်နဲ့ အိတ်ပိတ်ပြီး “ရွေးချယ်ရေးအဖွဲ့” ကို လိပ်မူပြီး ပူးတွဲပေးပို့ရမယ်လို့ ဖော်ပြထားပါတယ်။
လျှောက်လွှာတွေကို ရခိုင်သဟာယအသင်း (ရန်ကုန်) ရုံးဆီ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပြီးတော့ အသေးစိတ်သိရှိလိုရင် အသင်းရုံးကို ဆက်သွယ်ဖို့ အသင်းက ဖော်ပြထားပါတယ်။
