အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့၊ ဥက္ကာပျံရပ်ကွက်မှာ နေအိမ်တစ်အိမ်အတွင်း မူးယစ်ဆေးဝါး ရောင်းချတယ်လို့ သံသယရှိသူတစ်ဦးကို မူးယစ်ဆေးဝါးတွေ အပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့တကွ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း DLEPS က ထုတ်ပြန်ပါတယ်။
အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေ ရောင်းချနေကြောင်း သတင်းအရ အောက်တိုဘာလ ၂၃ ရက် နေ့ခင်း ၁၂ နာရီခန့်မှာ DLEPS တပ်ဖွဲ့ဝင်တွေက သက်သေတွေ လိုက်ပါစေပြီး နေအိမ် ရှာဖွေဝရမ်းနဲ့ အဲဒီ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ပါတယ်။
အိမ်ရှင်ကို အသင့်တွေ့ပြီး အိမ်အထက်ခန်း ဝါးကြမ်းပြင်မှာ ချထားတဲ့ ခဲရောင် ပလပ်စတစ်ဗူးအတွင်းက လိမ္မော်ရောင်နဲ့ အစိမ်းရောင် စိတ်ကြွဆေးပြားတွေ စုစုပေါင်း ၁,၃၈၂ ပြား (အလေးချိန် ၁၃၈.၂ ဂရမ်) ကို သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ကိုင်ဖုန်း ၃ လုံး၊ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဘေးပေါက်ဖောက်ထားတဲ့ ဗူးခွံ ၁ ဗူး၊ ပလပ်စတစ်ပိုက် ၃ ချောင်း၊ ဘေးလွယ်အိတ်အတွင်းက ငွေ ကျပ် ၇၀,၀၀၀၊ နေအိမ်ခြံထဲက ဆိုင်ကယ် ၁ စီးနဲ့ ဆိုင်ကယ်သော့ ၁ ချောင်းကိုပါ တွေ့ရှိလို့ သက်သေတွေရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့ DLEPS က ဆိုပါတယ်။
DLEPS က ဖမ်းဆီးခံရသူကို မူးယစ်ဆေးဝါးတွေ ရောင်းချဖို့ လက်ဝယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၀ (က) အရ အောက်တိုဘာလ ၂၃ ရက် ညဘက် ၈ နာရီ ၂၀ မိနစ်မှာ ဖမ်းဆီးပြီး အမှုဖွင့်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
DLEPS က အခင်းဖြစ်ရပ်မှတ်တမ်း ဓာတ်ပုံရိုက်ကူးတာ၊ မြေပုံကြမ်းရေးဆွဲတာ၊ သက်သေခံပစ္စည်းတွေ သိမ်းဆည်းတာ၊ ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို မူးယစ်ဆေးဝါး ဟုတ် မဟုတ် စမ်းသပ် စစ်ဆေး ပြန်ကြားဖို့ သက်ဆိုင်ရာဌာနကို ပို့တာ၊ ဖမ်းခံရသူက မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစာနဲ့ မေးမြန်းထားတာ၊ ကွင်းဆက် ပါဝင်သူတွေကို စုံစမ်း ဖော်ထုတ်တာတွေ ဆောင်ရွက်လျက်ရှိပြီး ဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲတင်သွားမယ်လို့ ဖော်ပြထားပါတယ်။
