NewsPolitic

သာပေါင်းမှာ အလုပ်ကပြန်လာတဲ့ ရက္ခိုင်စစ်ရှောင် ၃ ဦးကို စစ်ကောင်စီက AA လို့ စွပ်စွဲပြီး ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က သစ်ဖြူကျေးရွာအနီးမှာ အလုပ်က ပြန်လာစဉ် စစ်ကြောင်းနဲ့ တိုးမိခဲ့တဲ့ ရက္ခိုင်စစ်ဘေးရှောင် ၃ ဦးကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက် ညနေ ၆ နာရီခန့်က ခမရ ၃၀၈ ကနေ အင်အား ၂၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ကျေးရွာအတွင်းကို ဝင်ရောက်လာစဉ် လမ်းမှာ တွေ့တဲ့ အရပ်သား စစ်ဘေးရှောင် ၃ ဦးကို AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားတာလို့ သာပေါင်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရက္ခိုင်ပြည်၊ ဂွမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာပြီး သာပေါင်းမြို့နယ်မှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ခမရ ၃၀၈ တပ်ဖွဲ့ဝင်တွေဟာ သာပေါင်းမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးနေပြီး လမ်းမှာတွေ့တဲ့ အရပ်သားတွေကို AA လို့စွပ်စွဲပြီး ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းကလည်း အဲဒီကျေးရွာက ရက္ခိုင်စစ်ဘေးရှောင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

ဩဂုတ်လနဲ့ စက်တင်ဘာလ ပထမပတ်အတွင်းက အဲဒီဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သက်နေချိန်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး စစ်ဘေးရှောင်တွေကို ဖမ်းဆီးနေတာလို့ သိရပါတယ်။

Related posts

တောင်ကုတ်က KTVကို DLEPS စစ်ဆေးရာ တရားမဝင်အရက် ဖမ်းဆီးရမိ

Rakhita Times

တောင်မော်ကြီးရေတပ်စခန်းမကျစေရေး စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့် ခုခံနေ

Rakhita Times

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် သံတွဲမြို့ပြည်သူတွေ လိုလားနေ

Rakhita Times

Leave a Comment