အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်ရှိ စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို တင်ပို့မယ့် ကုန်တွေအတွက် ကုန်တင်ခတွေကို ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေက အရင်ကထက် နှစ်ဆနီးပါး တိုးကောက်လာတယ်လို့ ကုန်ပို့ ကိုယ်စားလှယ်တွေထံက သိရပါတယ်။
ကုန်ပစ္စည်းတွေတင်တဲ့အခါ အလေးချိန်အပေါ် မူတည်ပြီး ကုန်တင်ခနဲ့ တန်ဆာခ ပေးရတာဖြစ်ပြီး သင်္ဘောပိုင်ရှင်တွေက သင်္ဘောလုပ်သားတွေကို လုပ်အားခ ဈေးကြီးပေးရတာကြောင့် အခုလို ကုန်တင်ခတွေကို တိုးမြှင့် ကောက်ယူလာတာ ဖြစ်တယ်လို့ ကုန်ပို့ကိုယ်စားလှယ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“လက်ရှိကတော့ စစ်တွေဘက်တို့၊ ကျောက်ဖြူဘက်တို့ကို ကျမတို့ စစ်တွေကမှာတဲ့ ကုန်ပစ္စည်းတွေ ပို့ပေးတယ်။ ကိုယ်စားလှယ်သဘောပေါ့။ သင်္ဘောတွေမှာဆိုရင် သူတို့က ပုဂ္ဂလိကသင်္ဘောပေါ့နော်။ အဲဒီသင်္ဘောတွေမှာ တင်လို့ရှိရင် အရင်နှုန်းထက် အရင်တုန်းက သတ်မှတ်ထားတဲ့ အလေးချိန်ဘယ်လောက် ဘယ်လောက်ကို သဘောက တစ်သောင်းပဲထား၊ တစ်သောင်းဆိုရင် အခုက နှစ်သောင်းတို့၊ နှစ်သောင်းခွဲတို့ တင်ခတွေ၊ တန်ဆာခတွေ တောင်းလာတယ်။ နောက် ဘာလို့ အဲဒီလိုမျိုး တောင်းလဲဆိုတော့ သူတို့သင်္ဘောမောင်းတဲ့လူတို့၊ သင်္ဘောမှာပါတဲ့ ဝန်ထမ်းပေါ့နော် အဲဒီလူတွေကို ပိုင်ရှင်တွေက လစာ အများကြီး ပေးရတယ်။ အဲဒီလူတွေကလည်း သူတို့ သွားရတဲ့နေရာက အန္တရာယ်များတယ်၊ လက်နက်ကြီးလည်း ကျနိုင်တယ်ဆိုတော့ ၁၀ ပေးရမယ့်နေရာမှာ ၃၀ ပေးလိုက်တာပေါ့နော် ဝန်ထမ်းခ။ အဲဒီဟာကို ကုန်သည်တွေဆီကတဆင့် တင်ခတွေ ဈေးပိုတင်ထားတဲ့အတွက် ကျမတို့ကတော့ တင်ခ ဈေးပိုပေးပြီးတော့ တင်ရတာပေါ့” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရက္ခိုင်တစ်ပြည်လုံးရှိ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
မြို့တော်စစ်တွေက ပြည်သူတွေဟာ စားနပ်ရိက္ခာတွေကို လေကြောင်းလိုင်းကတဆင့် မှာယူကာ ဈေးကြီးပေး စားသောက်ခဲ့ရပေမယ့်လည်း ၂၀၂၄ ခုနှစ်လောက်မှာ စစ်ကောင်စီဟာ ရန်ကုန်မှ စစ်တွေကို ကုန်တင်သင်္ဘောတွေကို ပြေးဆွဲခွင့် ပြုခဲ့တာပါ။
အခုလိုမျိုး ကုန်တင်ခတွေကို နှုန်းထားတိုးမြှင့်လိုက်တာက ကုန်သည်တွေအတွက် ပြဿနာမရှိကြောင်း၊ ကုန်သည်တွေက အဲဒီတိုးမြှင့်လိုက်တဲ့ နှုန်းထား ကျေအောင် သူတို့ရဲ့ ကုန်ပစ္စည်းတွေမှာ ဈေးပြန်တင်မှာ ဖြစ်တဲ့အတွက် အဓိက စားသုံးသူ ရက္ခိုင်ပြည်သူလူထုပဲ နစ်နာမှာဖြစ်ကြောင်း ကုန်ပို့ကိုယ်စားလှယ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“တင်တာတော့ အကြောင်းမဟုတ်ပါဘူး။ ကျမတို့ အဲဒီဘက်မှာ စစ်တွေရောက်သွားသည် လည်းကောင်း၊ ကျောက်ဖြူ ရောက်သွားသော်လည်းကောင်း ကျောက်ဖြူဈေးက သပ်သပ်၊ စစ်တွေဈေးက သပ်သပ် အဲဒီလို ခွဲထားသေးတာ။ ဆိုတော့ အဲဒီကို ရောက်သွားလို့ရှိရင် အဲဒီပစ္စည်းတွေက ဘယ်လိုပဲဖြစ်ဖြစ် ဈေးကြီးကြီးနဲ့ ပေးဝယ်ရတော့မှာပဲ။ တကယ့်တကယ် နစ်နာမှာကတော့ ကျမတို့လည်း မနစ်နာဘူး။ ကျမတို့လည်း တင်ခကို သူတို့ တစ်သောင်းတောင်းရင် ကျမတို့က ဟိုဘက်မှာ ကျမတို့က အဲဒီတစ်သောင်းနဲ့ လိုက်ပြီး တင်တောင်းလို့ ရတယ်လေ။ အဓိကက စားသုံးသူပဲ နစ်နာမှာ။ ကျမတို့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကုန်ပို့ကိုယ်စားလှယ်လုပ်တာတော့ လုပ်နေတာပဲ သို့ပေမယ့် ကျမတို့က တခြားနေရာမှာ ကျမတို့လည်း ပြည်သူပဲဆိုတော့ တခြားနေရာမှာ ဈေးကြီးကြီးပေးပြီး ဝယ်သုံးရတဲ့ဟာ ရှိတာပဲလေ။ ကိုယ်ချင်းစာပြီးတော့ ပြောတာပါ။ အဲဒါကြောင့် စစ်တွေကလူတွေ လက်ရှိစားသုံးတဲ့အခါမှာ ဝယ်စားတဲ့ဟာ ဈေးကြီးမယ်၊ ကုန်ဈေးနှုန်းတွေ တက်မယ်။ ဘာဖြစ်လို့လဲဆို သူဋ္ဌေးတွေပေါ့နော် ပိုင်ရှင်တွေက သူတို့ အလုပ်သမားခကို ဈေးပိုပေးရတဲ့အတွက် အကုန်လုံးကို ဈေးတင်ပြီးတော့မှ သူတို့လည်း မနစ်နာဘူး။ ကျမတို့လည်း မနစ်နာဘူး။ အဓိက နစ်နာတာကတော့ စားသုံးသူတွေပေါ့နော်” လို့ သူက ပြောပါတယ်။
တကျော့ပြန် တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် AA ဟာ ရက္ခိုင်ပြည်က မြို့နယ်ပေါင်း ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့ အပါအဝင် စုစုပေါင်း ၁၅ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ သိမ်းပိုက်ဖို့ ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကို ရရှိရေးအတွက် မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွဲသွားမယ်လို့ အာရက္ခတပ်တော်က တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားတဲ့ ၃ နှစ်ပြည့်နေ့ နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
