အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၆)
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်မှာ ချမှတ်ခဲ့တယ်လို့ ဆိုတဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က နိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်အရ အဲဒီစီရင်ချက်ဟာ ၂၀၁၇ ခုနှစ်က ရက္ခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာကို ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။
အဲဒီ စီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် သက်ဆိုင်ရာ အသိုင်းအဝိုင်းတွေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်း ချိတ်ဆက် လုပ်ဆောင်ကြဖို့ KNU က တောင်းဆိုထားပါတယ်။
ထုတ်ပြန်ချက်မှာ အရပ်သားတွေကို ကာကွယ်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထိရောက်စွာ ပေးအပ်နိုင်ရေး၊ စီရင်ချက် အကောင်အထည်ဖော်မှုကို လွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးရေး၊ သက်သေ အထောက်အထားတွေနဲ့ သက်သေတွေကို ကာကွယ်ရေး၊ နစ်နာသူတွေအတွက် လျော်ကြေးပေးရေး၊ နေရပ်စွန့်ခွာရသူတွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး စတာတွေ ပါဝင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အမှုကို တရားရုံးသို့ တင်သွင်းကာ စီရင်ချက် ချမှတ်သည်အထိ ကြိုးပမ်းခဲ့တဲ့ ဂမ်ဘီယာနိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း KNU က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
