ArticelsLife Style

စစ်တွေပုံပြင်

“ထမင်းငတ်လို့ သေတဲ့မသာဆိုတာ မရှိပါဘူး” ဒီစကားကို လူတချို့ဆီက မကြာခဏ ကြားဖူးပါတယ်။ ဆန်စပါးတွေပေါတဲ့ တိုင်းပြည်မှာ ထမင်းငတ်တယ်ဆိုတာ ဘယ်ရှိပါ့မလဲ။ အနည်းဆုံးတော့ အိမ်နီနားချင်းတွေဆီက ချေးငှားလို့ စားသောက်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း တောင်းရမ်းပြီးတော့ စားနိုင် သောက်နိုင်ပါတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်းတွေမှာ သွားပြီးတော့ စားနိုင်ပါသေးတယ်။ ဒါတွေဟာ အရင်ကတော့ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ အခုတော့ မဟုတ်ပါတော့ပါဘူး။ ထမင်းငတ်လို့ သေနေကြတဲ့ မသာတွေ တကယ်ရှိပါတယ်။

“စစ်ကောင်စီက စစ်တွေမြို့မှာ ဒေသခံတွေရဲ့ သွားလာခွင့်အပါအဝင် လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့်တွေကို တင်းကျပ်စွာ ပိတ်ပင်ထားတာကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေမရှိဖြစ်ကာ အငတ်ဘေးကျ ရောက်လာတဲ့အတွက် အမျိုးသမီးကြီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဟာ အခုရက်ပိုင်းအတွင်းမှာ ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ငတ်မွတ်မှုဒဏ်ကို မခံနိုင်တဲ့အတွက် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ အကွက် (၁၁) မှ ၅ ဦးပါ မိသားစု တစ်စုလုံး လွန်ခဲ့တဲ့ ဇွန်လ ၂၉ ရက်က အဆုံးစီရင်သွားခဲ့ကြပြီးနောက် ထပ်မံပြီး မိမိကိုယ်ကို အဆုံးစီရင်မှုတွေ စစ်တွေမြို့မှာ ထပ်မံ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။”

ယုံချင်ရင်ယုံ မယုံချင်ရင်နေ တကယ်ငတ်သေနေတဲ့ မသာတွေ စစ်တွေမြို့မှာ ရှိခဲ့ပြီ။ နောက်လည်း ရှိလာဦးမှာလို့သာ နမိတ် ဖတ်လိုက်ချင်တော့တယ်။

ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးတော့ ဘကြီးတော်ဘုရားဟာ သက္ကရာဇ်  ၁၈၂၆ ခုနှစ်မှာ ရခိုင်ကို အင်္ဂလိပ်တွေဆီ ပေးလိုက်ရတယ်။ အဲဒီ ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာပဲ အင်္ဂလိပ်တွေဟာ စစ်တွေကျွန်းကလေးကို ရက္ခိုင်မြို့တော်အဖြစ် ပြောင်းလဲလိုက်ကြတယ်။ စစ်တွေဟာ သာမန်အရပ်တစ်ခုက ဘင်္ဂလားပင်လယ်အော်နဲ့ ကုလားတန်မြစ်ဝမှာ အဖွံ့ဖြိုးဆုံး မြို့ပြတစ်ခု ဖြစ်လာခဲ့တယ်။

မြို့တည်ပြီး ၃ နှစ်အကြာ ၁၈၃၀-၃၁ ခုနှစ်တွေမှာ ရက္ခိုင်ပြည်ကထွက်ရှိတဲ့ ဆန်စပါးတွေကို တင်ပို့ဖို့အတွက် စစ်တွေကိုရောက်ရှိလာကြတဲ့ သင်္ဘောအရေအတွက်ဟာ ၁၄၀ အထိ ရှိခဲ့တယ်။

၁၈၃၃ ခုနှစ်မှာ သင်္ဘော ၁၇၈ စီး၊ ၁၈၄၀-၄၁ ခုနှစ်တွေမှာ သင်္ဘော စီးရေ ၇၀၉ စီး အထိ ရှိခဲ့ပြီး ၊ ဆန်စပါးတန်ချိန် ၈၂၁၁၁ အထိ ပြည်ပသို့ တင်ပို့နိုင်ခဲ့တယ်လို့ ကိုလိုနီခေတ်မှတ်တမ်းတွေအရ သိရှိခဲ့ရတယ်။ ဒီဆန်စပါးတွေဟာ အိန္ဒိယ၊ တရုတ်၊ ဥရောပနိုင်ငံတွေဆီကို ပင်လယ်ရေစီးကြောင်းအတိုင်း မျောပါစီးဆင်းသွားရင်း ကုန်သွယ်မှု အထွဋ်အထိပ် ရောက်ခဲ့တယ်။ အိန္ဒိယနိုင်ငံ မဒရပ်မြို့ကို တင်ပို့ရောင်းချခဲ့တဲ့ ဆန်တန်ချိန်အရေအတွက် တစ်ခုတည်းတောင် ၃၆၀၈၉ ရှိခဲ့ပြီး၊ ၁၈၄၂ ခုနှစ်မှာ ရက္ခိုင်ပြည်ရဲ့ ဆန်စပါး စိုက်ပျိူးဧရိယာဟာ ၂၂၃၅၉၆ ဧက အထိ ရှိခဲ့တယ်လို့ မြို့ကလေးရဲ့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားတယ်။

အင်္ဂလိပ်တွေ၊ ကုလားဖြူတွေ၊ ကိုလိုနီတွေ ယုတ်မာပက်စက်သူတဲ့ တိုင်းတပါးသားတွေရဲ့ လက်ထဲမှာ စစ်တွေဟာ စီးပွားရေး၊ ပညာရေးနဲ့ တခြားသော အရေးများစွာတွေမှာ အထွဋ်အထိတ်ရောက်ခဲ့တယ်။

ကြားဖူးကြမှာပေါ့…မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းကို ပထမဆုံး လုပ်ခဲ့တဲ့ စစ်တွေသူဌေးကြီး ဦးရဲကျော်သူဆိုတာ။ ဒါပဲလားဆိုရင် ဘယ်ဟုတ်မလဲ။ သခင်မျိုးဟေ့လို့ ကြွေးကြော်နိုင်ဖို့ အင်္ဂလိပ်ဆိုရင် အသေကြောက်နေကြတဲ့ လူတွေကို မကြောက်နဲ့ ငါရှိတယ်လို့ ရှေးဆုံးက ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့တယ်။ ဘယ်သူလဲ သိတယ်မဟုတ်လား စစ်တွေ သား ဦးဥတ္တမပေါ့။

အင်္ဂလိပ်တွေ၊ ကုလားဖြူတွေ၊ ကိုလိုနီတွေ ယုတ်မာပက်စက်သူတဲ့ တိုင်းတပါးသားတွေ၊ ဘာသာခြားတွေ အုပ်ချုပ် စစ်တွေသားတွေ အင်္ဂလန်မှာသွားပြီး ပညာသင်ကြတယ်။ ဗုဒ္ဓရဲ့ အဘိဓမ္မာကို တိုင်းတပါးသားတွေ နားလည်ဖတ်ရှုနိုင်ဖို့ အင်္ဂလိပ်ကို ပြန်ဆိုခဲ့တယ်။ ပထမဆုံး ဘာသာပြန်ဆိုပေးခဲ့တာ ဖြစ်တယ်။ စစ်တွေသား ဦးရွှေဇံအောင်ပေါ့။ ဒါပဲလားဆိုတော့ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ထားလိုက်ပါတော့ စစ်တွေအကြောင်းလေး ပြန်စလိုက်မယ်။

၁၈၅၃ ခုနှစ်မှာ Akyab Commercial Advertiser (စစ်တွေစီးပွားရေး ကြော်ငြာသတင်းစာ)၊ Arakan Weekly News Press.တိုလို သတင်းစာတွေ၊ ဂျာနယ်တွေကို စစ်တွေသားတွေ ဖတ်ခဲ့ကြပြီ။ ၁၈၉၁ ခုမှာ Rakapura News ၊ Arakan weekly news စတဲ့ သတင်းစာတွေလည်း ထွက်ခဲ့တယ်။ ၁၈၈၄ ခုနှစ် အောက်တိုဘာလမှာ မြူနီစပါယ် ဥပဒေကို စတင်ကျင့်သုံတယ်။ စစ်တွေမြို့မှာ လမ်းမီးတွေ ထွန်းပေးခဲ့တယ်။ ရေနံဆီမှန်အိမ်ကိုသုံးပြီး လမ်းမီးတွေ ထွန်းပေးခဲ့တယ်။ ၁၉၀၁ ခုနှစ်ကစပြီးတော့ မီးခွန်ကို အင်္ဂလိပ်တွေကောက်ခံခဲ့တယ်။

အဲဒီလို အင်္ဂလိပ်တွေ၊ ကုလားဖြူတွေ၊ ကိုလိုနီတွေ ယုတ်မာပက်စက်သူတဲ့ တိုင်းတပါးသားတွေ၊ ဘာသာခြားတွေ အုပ်ချုပ်တဲ့အချိန်မှာ စစ်တွေဟာ ဆန်ဝမ်းအပြည့်နဲ့ ပိုလျံတဲ့ဆန်စပါးကို အာရှနဲ့ ဥရောပအထိ ရောင်းချခဲ့ကြတယ်။ လူချမ်းသာတွေ ပေါတယ်။ ပညာတတ်တွေ ပေါတယ်။ သတင်းစာတွေ၊ လမ်းမီးတွေနဲ့ ခေတ်နဲ့လျော်ညီစွာ လူနေမှု အဆင့်အတန်း မြင့်မားခဲ့တယ်။

ဒါတောင် စစ်တွေသားတွေဟာ အေးဆေး မနေခဲ့ဘူး။ သူ့ကျွန်ဘဝက တနိုင်ငံလုံးလွတ်ဖို့ ရှေ့ဆုံးက ပါခဲ့ကြသေးတယ်။ လူမျိုး၊ ဘာသာရေးတွေမှာ ရှေ့ဆုံးကနေပြီး တာဝန်တွေကို ထမ်းဆောင်ခဲ့ကြသေးတယ်။ ဒီလိုနဲ့ မြန်မာပြည်ဟာလည်း လွတ်လပ်ရေး ရတယ်။ အမျိုး ဘာသာ၊ သသနာစောင့်တဲ့ အုပ်ချုပ်တွေက အင်္ဂလိပ်အုပ်ချုပ်ရေးကနေ သူတို့အုပ်ချုပ်ရေးကို လွှဲပြောင်း လက်ခံလိုက်ကြတယ်။

၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄) ရက်မှာ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးတယ်။ လွတ်လပ်ရေးလည်းရပြီး ၁၉ နှစ် အကြာ ၁၉၆၇ ခုနှစ်မှာ စစ်တွေသားတွေ ထမင်း စငတ်တော့တာပါပဲ။ အင်္ဂလိပ်တွေ၊ ကုလားဖြူတွေ၊ ကိုလိုနီတွေ ယုတ်မာပက်စက်သူတဲ့ တိုင်းတပါးသားတွေ၊ ဘာသာခြားတွေ အုပ်ချုပ်တုန်းက စီးပွားရေး၊ ပညာရေး အထွဋ်အထိပ် ရောက်ခဲ့တဲ့ စစ်တွေဟာ သူ့ကျွန်ဘဝနဲ့ နေတုန်းက နတ်ဘုံလို ဖြစ်ခဲ့ပေမယ့်။ လွတ်လပ်ရေးလည်း ရလိုက်ရော ငတ်ကိန်းဆိုက်ခဲ့ရတယ်။

ငတ်ရုံပဲလားဆိုတောလည်း မဟုတ်သေးဘူး။ တို့အစိုးရ၊ တို့ပြည်သူတွေပဲ တို့ခံစားချက်တွေကို တို့ထုတ်ပြမယ် ဆိုပြီး လမ်းပေါ်ထွက် ဆန္ဒပြလိုက်ကြတာ။ “ပြုတ်ဆန်မစား ရခိုင်သား.. တဲ့” ။ ရော……….. ရိုင်ဖယ်ကျေဆန်တွေ။ သွေးတွေ။ အလောင်းတွေ စစ်တွေရဲ့ သမိုင်းမှာ အရိုင်းဆုံးဖြစ်ခဲ့ရတယ်။

ဆရာတော်ဦးဥတ္တမသာ အသက်ရှိ ထင်ရှားရှိနေသေးရင် မေးလိုက်ချင်ပါတယ်။ “ဘာကြောင့်များ တိုင်းပြည်အတွက် ချစ်ခဲ့တာလဲ။ ဘာအတွက် ရှေ့ဆုံးက ဦးဆောင်လမ်းပြခဲ့တာပါလဲ။ အင်္ဂလိပ်ကျွန်၊ ကုလားဖြူကျွန်၊ တိုင်တပါးကျွန် ဖြစ်လို့ နေရတာကတောင် ပိုကောင်းတယ် မဟုတ်လား။ သူလမ်းပြခဲ့တဲ့ လွတ်လပ်ရေးရပြီး နောက်မှာ သူဇာတိမြို့ကလေးရဲ့ အဖြစ်ကို မြင်ခဲ့၊ ကြားခဲ့ရရင် ဆရာတော်ဦးဥတ္တမ ဘယ်လိုများနေလိမ့်မလဲ။

အခုတောလည်း ဒီလိုပါပဲ အင်္ဂလိပ်တွေ၊ ကုလားဖြူတွေ၊ ကိုလိုနီတွေ ယုတ်မာပက်စက်သူတဲ့ တိုင်းတပါးသားတွေ၊ ဘာသာခြားတွေ မဟုတ်တဲ့လူတွေက စစ်တွေကို ခြံခတ်ထားကြတယ်။ ထွက်ပေါက်မရှိသလို ဝင်ပေါက်လည်း မရှိဘူး။ မြို့ခံတွေရဲ့ ငတ်ပြတ်ဆာလောင်မှုတွေကို ဒီလူတွေက ဇိမ်ခံပြီး ထိုင်ကြည့်နေကြတယ်။

မြို့မှာရှိတဲ့ ပရဟိတစိတ်ရှိသူတွေကို တားဆီးကြတယ်။ လူမှုရေးတက်ကြွတဲ့ ဆရာတော်တွေ ကျောင်းကို စွန့်ခွာ လာကြတယ်။ နဂိုက ဆင်းရဲသားတွေဟာ ငတ်ပြတ်မှုဒဏ်ကို အလူးအလဲ ခံစားနေရတယ်။ မြို့ခံတချို့ တောင်းစားကြတယ်။ မျော်လင့်ချက်မဲ့နေကြတဲ့ စစ်တွေမြို့ခံတွေဟာ ပြေးစရာလဲမရှိ၊ စားစရာလဲမရှိတော့ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်ဖို့ ရွေးချယ်လိုက်ကြတယ်။

ရက္ခိုင်ပြည် ဝန်ကြီးချုပ်၊ အစိုးရလို့ အမည်ခံထားကြသူတွေဟာ ပြည်သူတွေကို ကူညီမဲ့အစား ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီး နှိပ်စက်ကြတယ်။ ဥပဒေစာအုပ်ကို ဖင်ခုထိုင်ပြီးတော့ စစ်တွေရဲ့ အငတ်ဘေး၊ ကပ်ဘေးတွေကို ဟားတိုက် ပြုံးလှောင်နေကြတယ်။ ဒါကို မေးခွန်းထုတ်ရင် “မင်းတို့ ထွန်းမြတ်နိုင်ကို သွားပြောကြ” တဲ့။

အေး.. အခုတော့ မပြောသေးဘူး။ အဲဒီလို သောက်ချိုးမပြေတဲ့ သောက်ခွက်တွေကို နှလုံးသားထဲမှာ တက်တူး ထိုးသလို ရေးမှတ်ထားတယ်။ အဲဒီလို ယုတ်မာ ပက်စက်တဲ့ ဖက်ဆစ်တွေရဲ့ လုပ်ရပ်တွေကို ဦးနှောက်ထဲမှာ သိမ်းထားတယ်။ စစ်တွေပုံပြင် မပီးဆုံးသေးပါဘူး……………………… မင်းတို့ရဲ့ တောင်းပန်သံလေးတွေ၊ လိမ်မာပါပြီဆိုတဲ့ စကားတွေ၊ နောက်ထပ် မလုပ်တော့ပါဘူးဆိုတဲ့ သနားခံသံတွေ မြို့ပတ်ပတ်လည်မှာ ဖြူလွတဲ့ အလံတွေ အစီအရီ ထောင်တဲ့နေ့ကြရင်… စစ်တွေပုံပြင်ကို ဘယ်လိုအဆုံးသတ်မလဲ စဉ်းစားထားကြပေတော့။

စိမ်းကိုကို

Related posts

အဉ္စနနဒီ

Rakhita Times

အာရက္ခ တပ်တော်မှ ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝ ပုံရိပ်များ (၁၅)

Rakhita Times

အာရက္ခပြည် အလွမ်း

Rakhita Times

8 comments

Leave a Comment