အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ၊ ဒီစစ်ပွဲရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုထဲက ဝိဝါဒကွဲပြားမှုတွေဟာ ဒီရက်ပိုင်း သတင်းစာမျက်နှာပေါ်မှာ ပလူပျံနေပါတယ်။ တဘက်မှာလည်း ဒီတိုက်ခိုက်မှုတွေကို အီရန်ဘက်က တုံ့ပြန်ပုံကြောင့် (ဒေသတွင်းက အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ မဟာမိတ်တွေကို ပစ်မှတ်ထားတာမျိုး) စစ်ပွဲဟာ အီရန်နယ်နိမိတ်ကိုကျော်ပြီး ပထဝီနိုင်ငံရေးအရ သက်ရောက်မှုတွေ ရှိလာပါတယ်။ ရေနံဈေးတွေ ထိုးတက်လာတာဆိုရင် ဒီစစ်ပွဲကြောင့် ကမ္ဘာတဝန်းက လူတွေကို ထိခိုက်စေတဲ့ ပုံစံတခုပါပဲ။
အီရန်စစ်ပွဲဟာ ကမ္ဘာတဝန်းက တခြားပဋိပက္ခတွေအပေါ်မှာလည်း သိသိသာသာ သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ပွဲပေါ့လေ။ အီရန်ကို တိုက်ခိုက်တာဟာ ယူကရိန်းကို နွေဦးထိုးစစ် ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ ရုရှားရဲ့ ကိုယ်ကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်နေပါတယ်။
■ ရုရှားစစ်ပွဲအပေါ် သက်ရောက်မှု
ရုရှား-ယူကရိန်း စစ်ပွဲဟာ ငါးနှစ်ထဲကို ရောက်လာပြီဖြစ်ပြီး နှစ်ဖက်လုံးမှာ အရင်းအမြစ်တွေ ဆုံးရှုံးတာနဲ့ လူအသေအပျောက်တွေက တိုးလာနေပါတယ်။
အမေရိကန် အကြံပေးအဖွဲ့တခုရဲ့ ခန့်မှန်းချက်အရ ရုရှားရဲ့ စုစုပေါင်း အသေအပျောက်ဟာ ၁.၂ သန်းကျော်နေပြီလို့ သိရပါတယ်။ ရုရှားဟာ လိုအပ်နေတဲ့ အင်အားကို ဖြည့်တင်းဖို့အတွက် မြောက်ကိုရီးယား စစ်သားတွေ၊ အာဖရိကနဲ့ အာရှမှာ တရားမဝင် လူသစ်စုဆောင်းတဲ့ နည်းလမ်းတွေကို အားကိုးနေရပါတယ်။
ယူကရိန်းစစ်ပွဲအပေါ် ရုရှားရဲ့ ချဉ်းကပ်တဲ့ ပုံစံဟာ ရုရှားစစ်သည်တွေ သေဆုံးမှု ပမာဏအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အမြင်မှာတော့ ပြည်သူလူထုရော၊ ရုရှား ခရိုနီသူဌေးကြီးတွေ ဆီကပါ ထောက်ခံမှုရနေဖို့က ဒီချဉ်းကပ်ပုံနဲ့ ထပ်တူထပ်မျှ အရေးကြီးပါတယ်။ ရုရှားစီးပွားရေး ပြိုလဲမသွားအောင် တားဆီးရေးဟာ ပူတင်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အတွက် အဓိကသော့ချက်ပါပဲ။
ရုရှားစီးပွားရေးရဲ့ အဓိက အသက်သွေးကြောဟာ ရေနံကရတဲ့ ဝင်ငွေပါ။ ဒါက နိုင်ငံတော်ဘတ်ဂျက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ရေနံကနေ ရုရှားအမြတ်မရနိုင်အောင် ယူကရိန်းမဟာမိတ်တွေက ကြိုးပမ်းခဲ့တာကြောင့် ၂၀၂၅ ခုနှစ်မှာတော့ ရေနံဝင်ငွေဟာ ငါးနှစ်တာအတွင်း ရုရှားဘတ်ဂျက်ရဲ့ အနည်းဆုံး ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီအခြေအနေကို အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ ဆင်နွှဲလိုက်တဲ့ စစ်ပွဲက ပြောင်းပြန်လှန်ပစ်ပြီး ရုရှားရဲ့ ယူကရိန်းစစ်ပွဲအရှိန်ကို သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးရာ ရောက်သွားနိုင်ခြေ ရှိနေပါတယ်။
■ ရေနံအရေး
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ခြင်းရဲ့ ချက်ချင်းလက်ငင်း သက်ရောက်မှုကတော့ ရေနံဈေး တက်လာတာပါပဲ။ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကမ္ဘာ့ရေနံထောက်ပံ့မှု ငါးပုံတပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်တာကိုး။
အမေရိကန်၊ အစ္စရေးနဲ့ သူတို့ရဲ့ မဟာမိတ်တွေအပေါ် ဖိအားပိုဖြစ်စေဖို့အတွက် အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဟိုက်ဒရိုကာဗွန် ထုတ်လုပ်မှုတွေကိုလည်း ပစ်မှတ်ထားလာပါတယ်။
ရေနံဈေးတက်တာဟာ ရုရှားအတွက် အကျိုးရှိပါတယ်။ ဟော်မုဇ် ရေလက်ကြား ပိတ်လိုက်တာဟာ အာရှကို ပိုပြီး ထိခိုက်စေပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီရေလက်ကြားကနေ ဖြတ်သွားတဲ့ ရေနံအများစုဟာ အာရှဈေးကွက်ကို သွားတာဖြစ်လို့ပါ။ ဒီတော့ အာရှနိုင်ငံတွေဟာ အဲ့ဒီရေနံကို အစားထိုးဖို့ တခြားလမ်းကြောင်း ရှာရတော့မှာပါ။
အရှေ့အလယ်ပိုင်း ရေနံနေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ခြေအရှိဆုံး ရင်းမြစ်ကတော့ ရုရှားပါပဲ။ ရုရှားရေနံကို ဈေးနှုန်းကန့်သတ်ဖို့ ယူကရိန်းမဟာမိတ်တွေ ကြိုးစားနေပေမဲ့ Shadow Fleet လို့ခေါ်တဲ့ ရုရှားရဲ့ အယောင်ဆောင် မှောင်ခိုသင်္ဘောအုပ်စုတွေဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို အောင်အောင်မြင်မြင် ရှောင်ရှားနိုင်ခဲ့ပါတယ်။
တရုတ်နဲ့ တခြားအာရှနိုင်ငံတွေဟာ အီရန်စစ်ပွဲကြောင့်ဖြစ်လာတဲ့ စွမ်းအင်အကျပ်အတည်းကို ကာကွယ်ဖို့အတွက် ဈေးသက်သာတဲ့ ရုရှားရေနံကို အခွင့်ကောင်းယူ ဝယ်ယူကြမှာပါ။
အဲ့ဒီကနေ ရလာတဲ့ ရေနံအမြတ်ငွေတွေက ယူကရိန်းမှာ ရုရှားစစ်ပွဲ ဆက်တိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ရုရှားစီးပွားရေး ကျဆင်းနေတာကို ကြည့်ရင်တော့ ဒီလိုအခြေအနေမျိုး ဖြစ်လာတာဟာ ပူတင်အတွက်တော့ အချိန်ကိုက်ပါပဲ။
ယူကရိန်း-ရုရှား ပဋိပက္ခဟာ အင်အားပြုန်းစစ်ပွဲ (War of Attrition) ဖြစ်လာပါပြီ။ အောင်ပွဲအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေဟာ ရုရှား ဒါမှမဟုတ် ယူကရိန်းရဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေထက် ပိုများပါတယ်။ အထူးသဖြင့် ယူကရိန်းအတွက်ဆိုရင် သူ့ရဲ့ မဟာမိတ်တွေ ဒီစစ်ပွဲကို အထူးအာရုံစိုက်ပေးမှုအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အီရန်စစ်ပွဲဟာ ကမ္ဘာ့အာရုံစိုက်မှုကို ရုရှား-ယူကရိန်း ဆီကနေ လမ်းကြောင်း ပြောင်းသွားစေပါတယ်။ ဒါက ရုရှားအတွက် အားသာချက် ဖြစ်သွားတာပေါ့။ အီရန်အပေါ် အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အမေရိကန်ရဲ့ ခဲယမ်းမီးကျောက် လက်ကျန်တွေကိုလည်း မြန်မြန်ဆန်ဆန် ကုန်ခမ်းစေပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီလို ခဲယမ်းပြတ်လပ်မှုအတွက် သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို အပြစ်တင်ထားပါတယ်။
ထရမ့်လက်ထက်မှာ အမေရိကန်က ယူကရိန်းကို ထောက်ပံ့မှုတွေ လျှော့ချထားပါတယ်။ ဒါပေမဲ့ ဥရောပရဲ့ လက်နက်ထုတ်လုပ်မှု လုပ်ငန်းတွေ အားနည်းနေတဲ့အတွက် ယူကရိန်းဟာ အမေရိကန်ဆီကနေ လက်နက်ဝယ်ပေးနေတဲ့ ဥရောပမဟာမိတ်တွေကို အားကိုးနေရဆဲပါ။ စစ်ပွဲ ကြာလာတာနဲ့အမျှ ယူကရိန်းရဲ့ လိုအပ်ချက်တွေက နောက်တန်းကို ရောက်သွားပြီး အမေရိကန်ရဲ့ လိုအပ်ချက်တွေကိုပဲ ပိုဦးစားပေးလာရမယ့်သဘော ရှိပါတယ်။
■ ယူကရိန်းရဲ့နိုင်ဖဲလား
ယူကရိန်းမှာ ရုရှားကို တိုက်ဖို့ ဘာနိုင်ဖဲမှ မကျန်တော့ဘူးလို့ ပြီးခဲ့တဲ့နှစ်က ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေက အမေရိကန်ရဲ့ စွမ်းရည်မှာ အားနည်းချက်တခု ရှိနေတာကို ဖော်ပြလိုက်ပါတယ်။ ဒါကတော့ ဒရုန်းစစ်မျက်နှာပါပဲ။
အမေရိကန်နဲ့ သူ့ရဲ့ ပင်လယ်ကွေ့ မဟာမိတ်တွေဟာ အီရန်ဒရုန်း အများစုကို ပစ်ချနိုင်ခဲ့တာ မှန်ပါရဲ့။ ကုန်ကျစရိတ်ကျတော့ အဆမတန် များပြားနေပြီး သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်တွေလည်း အလျင်အမြန် ကုန်ခမ်းလာနေပါတယ်။
ယူကရိန်းကတော့ ဒရုန်းစစ်ပွဲနဲ့ ဒရုန်းကာကွယ်ရေး နည်းလမ်းတွေကို ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်ပြီး ဒီနယ်ပယ်မှာ အဆန်းသစ်ဆုံး နိုင်ငံလို့တောင် ပြောလို့ရပါတယ်။ ၂၀၂၅ ခုနှစ် အက်စ်တိုးနီးယားမှာ လုပ်ခဲ့တဲ့ ယူကရိန်းနဲ့ နေတိုး (NATO) တို့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းဟာ ဒီစစ်ပွဲနယ်ပယ်မှာ နှာတဖျားသာနေကြောင်း သက်သေပြခဲ့ပြီးပါပြီ။
အမှန်တကယ်လည်း ထရန့်ကိုယ်တိုင်က ဒရုန်းနယ်ပယ်မှာ ကူညီပေးဖို့ ယူကရိန်းကို တောင်းဆိုထားပါတယ်။ ဒါဟာ အီရန်စစ်ပွဲကြောင့် ကြုံလာရတဲ့ ယူကရိန်းရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ကိယက်ဗ်အနေနဲ့ အမိအရ ယူသင့်တဲ့ အခွင့်အရေးတရပ်လည်း ဖြစ်နေကြောင်းပါ။
ရာဗီချန်ဒရာကူးမား
The Conversation ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ How the U.S.‑Israel attack on Iran helps Russia in its war against Ukraine ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ မူလဆောင်းပါးရှင် ဂျိမ်းဟွန်ကာဆယ်ဟာ ဆိုင်မွန်ဖရေစာ တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးဌာနက လက်ထောက်ပါမောက္ခ တဦးဖြစ်ပါတယ်။
သရုပ်ဖော်ပုံ – Gemini
