စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ဆင်ခေါင်းရွာ ရွာလုံးကျွတ်ပျက်စီး
အာရက္ခတိုင်းမ်စ် (၁-နိုဝင်ဘာ-၂၀၂၄)
ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကောင်စီမှ လေယာဥ်ဖြင့် အောက်တိုဘာလ ၂၉ရက် နဲ့ ၃၀ရက် ၂ရက်ဆက်တိုက် ဗုံးလာကြဲခဲ့သဖြင့် ဆင်ခေါင်းရွာ ရွာလုံးကျွတ် ပျက်စီးသွားကြောင်း သိရပါတယ်။
“ ရွာအဝင်က တောင်ပေါ်ကျောင်း (ရတနာအောင်မြေကျောင်း) က ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်။ တစ်ခါလာကြဲရင် ၄လုံး ဆက်တိုက်ကို ကြဲတာ။ ရွာလုံးကျွတ်ကို ပျက်စီးသွားပြီ။ ငွေတိုးအောင်ဆီဆိုင်လည်း ရစရာကို မရှိဘူး။” လို့ ဆင်ခေါင်းရွာသားတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီမှ လေယာဥ်ဖြင့် အောက်တိုဘာလ ၂၉ရက် နေ့လည် ၂နာရီကျော်က တစ်ကြိမ်၊ အောက်တိုဘာလ ၃၀ရက် နေ့လည် ၁၂နာရီကျော်က တစ်ကြိမ် လာရောက်ဗုံးကြဲခဲ့တာပဲ ဖြစ်ပါတယ်။
“ ပုသိမ်ဖက်ကနေလာတာ။ သံတွဲမြို့အထိ အသံအရှိန်နဲ့ မောင်းလာပြီး သံတွဲကျော်တာနဲ့ စက်သတ်ပြီးတော့ တရှိန်ထိုးဆင်းသွားပြီး ကြဲတာ။ မြို့ထဲကလူတွေဆို ကြောက်ပြီး နေစရာနေရာကို မရှိကြဘူး။ လေယာဥ်သံပဲ နားစွန့်နေနေရတယ်” လို့ သံတွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၂၅ရက်က ဆင်ခေါင်းရွာကို ဗုံးလာကြဲခဲ့သဖြင့် အထက်တန်းကျောင်း ပျက်စီးခဲ့ရပြီး ဇွန်လ ၄ရက် နဲ့ ၅ရက်က စစ်ကောင်စီရဲ့ ရေတပ် နဲ့ လေတပ်ရဲ့ လက်နက်ကြီးကြောင့် ဆင်ခေါင်းရွာ ဒေသခံပြည်သူ အများအပြား သေဆုံး ဒဏ်ရာ ရရှိခဲ့ပါတယ်။