အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် သံတွဲမြို့ကို မနေ့က နိုဝင်ဘာ ၂၇ ရက် မနက် ၁၁နာရီခန့်တွင် စစ်ကောင်စီရဲ့ ဖျက်ဖိုက်တာဖြင့် ဗုံးလာကြဲသဖြင့် စစ်ဘေးရှောင်ပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ငပလီ အဝင်က နန်းချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံဝန်းထဲကို ကျတယ်။ နန်းချောင်းရွာထဲလည်း ကျတယ်။ စစ်ရှောင်နေတဲ့ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။
အလားတူ ရက္ခိုင်ပြည် သံတွဲမြို့ကို နိုဝင်ဘာ ၂၄ ရက် နေ့လည်ပိုင်းက စစ်ကောင်စီမှ လေယဉ်နဲ့ ဗုံးလာကြဲတာကြောင့် အသက် ၁၆ နှစ်အရွယ် လူမမယ်တစ်ဦး နဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
“ လေယဉ်က နေ့တိုင်းလို လာတယ်၊ လူတွေလည်း အဲဒီစိတ်နဲ့ အိမ်မပျော်၊ စားမဝင်ဖြစ်နေကြတယ်၊ အခုဆိုရင် ရိုးရိုးဗုံးခိုကျင်းတောင် မဟုတ်တော့ဘူး။ မိသားစုလိုက် အိပ်ပြီးနေလို့ရတဲ့ ဗုံးခိုကျင်းတွေကို တူးပြီးနေနေရတယ်” သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသွားသော စစ်ဘေးရှောင် ပြည်သူ ၈ ဦး မှာ နန်းချောင်းရွာဒေသခံ ဦးကျော်လင်းသူ (၄၀ နှစ်)၊ မအေးသန္တာထွေး (၁၇ နှစ်)၊ လင်းသာရပ်ကွက်မှ စစ်ဘေးရှောင် မောင်ခန့်ပိုင်စိုး (၁၇ နှစ်)၊ မအိမြင့်မြတ်ဖြိုး (၁၇ နှစ်)၊ ဒေါ်ငယ်မရီး (၅၀ နှစ်) နဲ့ ဂျိတ်တောရပ်ကွက်မှ စစ်ဘေးရှောင် ဒေါ်ခင်ဝင်း (၇၁ နှစ်)၊ ကိုအောင်ခန့်ကျော် (၂၄ နှစ်)၊ ဦးမောင်ရိုင်သိန်း (၅၈ နှစ်) တို့ ဖြစ်တယ်လို့ APM သတင်းဌာနက ဖော်ပြထားပါတယ်။
အလားတူ စစ်ကောင်စီက သံတွဲမြို့ကို စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့သလို မနေ့က (နိုဝင်ဘာ ၁၀) မနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။