အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် ဂွမြို့နယ်ရဲ့ နောက်ဆုံးတပ်ဖြစ်တဲ့ ခမရ ၅၇၂ အတွင်းပိုင်းအထိ အာရက္ခတပ်တော်က ဝင်ရောက် တိုက်ခိုက်နေကြောင်း သိရပါတယ်။
“ ခမရ ၅၆၃ ကို သိမ်းပြီးသွားပြီ ကျန်နေတဲ့ ၅၆၂ လည်း ကျနေပြီ ပြောရမှာပဲ။ စစ်ကောင်စီက ကစင့်ကလျားနဲ့ ရိုးဘက်ကို ပြေးကြတာ” လို့ ဂွမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၇/၁၈ ရက်တွေမှာ စစ်ကောင်စီတပ်က ဂွမြို့နယ်၊ “ အလယ်ရွာ” ကိုလည်းကောင်း၊ ဒီဇင်ဘာလ (၂၁) ရက်မှာလည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်တွေကိုလည်းကောင်း မီးရှိဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ အခုလို မီးရှိဖျက်ဆီးမှုတွေကြောင့် အပြစ်မဲ့ပြည်သူလူထုရဲ့ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ အခုလည်း ဝတိန်ရွာ အနီးအနားကို လေယာဉ် ၃ စီးနဲ့ကို ဗုံးလာကြဲသွားတယ်။ အပျက်အစီးတော့ တော်တော်များတယ်။ ရှုံးမဲ မဲနေတာလေ” လို့ သူက ထပ်မံ ပြောပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး ဧရာဝတီတိုင်းအတွင်း တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော်အနေနဲ့ အဆက်မပြတ် တိုက်တိုက်နေတယ်လို့ ဆိုပါတယ်။