အာရက္ခတိုင်းမ်စ် (၁၉ ဇန်နဝါရီ ၂၀၂၅)
လက်ရှိ ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေကို လျှော့ချနိုင်ဖို့အတွက် ဟိုက်ကင်သဘောတူညီချက်နဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာတဲ့သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ချုပ်ဆိုထားတဲ့ ယာယီအပစ်ရပ်စာချုပ်လို အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တွေ့ဆုံပြီး ချုပ်ဆိုဖို့ လိုအပ်တာလို့ ပြောဆိုတာ ဖြစ်ပါတယ်။
ဟိုက်ကင်သဘောတူညီချက်မှာပါတဲ့ အချက်တွေက စစ်ကောင်စီရဲ့ စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မလုပ်ဖို့၊ စစ်ကောင်စီကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ် သိမ်းပိုက်ထားတဲ့ နေရာတွေကို လေကြောင်းကနေဖြစ်ဖြစ် လက်နက်ကြီးနဲ့ ပစ်တာပဲဖြစ်ဖြစ် မလုပ်ဖို့ ပါရှိတာကြောင့် အဲဒီအချက်တွေကို အင်အားကြီးနိုင်ငံတွေက ဦးတည်ပြီးတော့ ဆွေးနွေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
ဒါမှပဲ ရက္ခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်နေတာတွေ လျော့ကျသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဟိုက်ကင်သဘောတူညီချက်ပေါ် မူတည်ပြီးတော့ တရားဝင် စကားပြောဖို့ လိုတယ်လို့ ကျနော်တို့ ယူဆတယ်။ တရားဝင် စကားပြောဆိုပြီး ဆွေးနွေးလို့ ရတယ်။ လေကြောင်းထိုးစစ်တွေ နစကက လုပ်နေတဲ့သဘော ရှိတယ်။ ဒီအချက်တွေကို သဘောတူညီမှု ရသည့်တိုင်အောင် တချို့ဟာတွေက သဘောတူညီမှု ဖောက်ဖျက်ခဲ့တာတောင် လက်နက်ကိုင်အချင်းချင်းမှာ ရှိနေတာပဲလေ။ အဲတော့ ဒီအချက်တွေကို တွေ့ဆုံဆွေးနွေးရေးနဲ့ ဘယ်လို အဖြေရှာမလဲဆိုတဲ့ တရားဝင် အင်အားကြီးနိုင်ငံတွေရဲ့ ဒီဟာကို လိုက်နာဖို့ပေါ့နော်။ ဂတိကဝတ်တွေထားဖို့ အဓိက ဒေသတွင်း အင်အားကြီးနိုင်ငံတွေကပဲ တွန်းအားပေးရလိမ့်မယ်။ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး စကားပြောဖို့ လိုအပ်တယ်။ တကယ့်မြေပြင်မှာ စကားပြောဖို့ လိုအပ်လိမ့်မယ်လို့ ကျနော်တော့ မြင်တယ်။ မဟုတ်ရင်တော့ မပြေလည်နိုင်ဘူး။ တဖက်ကလည်း မြို့သိမ်းတိုက်ပွဲတွေ ရှိနေမှာပဲ။ ဒီကြားထဲမှာတော့ တိုင်းပြည်က ပြည်သူလူထုကတော့ အခက်အခဲ အကြပ်အတည်း ပိုပြီးတော့ ရောက်တာပေါ့။ ပိုပြီးတော့ ဒီထက်ပေါ့နော်။ အဲဒီတော့ ဒီအချက်တွေကို လုပ်ဖို့ တွေ့ဆုံဆွေးနွေးပြီးတော့ လက်တွေ့ အဖြေရှာဖို့ လိုအပ်တာပေါ့ အင်အားကြီးနိုင်ငံတွေက ကမကထ လုပ်ပြီးတော့ပေါ့နော်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီက အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ကျောက်တော်နဲ့ ရမ်းဗြဲမြို့နယ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရမ်းဗြဲမြို့နယ်မှာ ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အပြင် ရုပ်အလောင်းပင် ရှာမတွေ့တဲ့ ပြည်သူ ၁၁ ဦး ရှိခဲ့ပါတယ်။ လူနေအိမ် စုစုပေါင်း ၃၉၈ ဆောင်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ရဲ့ ရပ်ကွက်နဲ့ ဈေးအပါအဝင် လူနေထူထပ်တဲ့ နေရာတွေကို အဓိကဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အာရက္ခတပ်တော်ထံမှာ စစ်ရှုံးနေတဲ့အတွက်ကြောင့် ရှုံးမဲ မဲပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေကို ပစ်မှတ်ထားလာတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ သိမ်းတယ်လို့ ပြောစရာ မရှိပါဘူး။ မြေပေါ်ကို ခြေတောင်ချလို့ မရပါဘူး။ ဒါပေမယ့် မရတဲ့အမဲ သဲနဲ့ပက်မယ်ဆိုတဲ့ စဉ်းစားမှုနဲ့ အခုက စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပြည်သူလူထုတွေ နေလို့ ထိုင်လို့ မရအောင် ဒုက္ခရောက်အောင် အခုက စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒါကတော့ မြေပြင်မှာ စစ်ပွဲရှုံးနေတဲ့ အောက်မှာ ဖြစ်လာတဲ့ ကိစ္စတွေပါ။ အဲတော့ ရှေ့ဆက် ရှုံးလေ ရှုံးမဲ မဲလေ လူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်လေ ရာဇဝတ်မှုတွေ ဆက်ပြီးတော့ ကျူးလွန်နေပါလိမ့်မယ်။ ဒါကတော့ ဒီအတိုင်းပဲ ဖြစ်နေမှာပါ။ စစ်မပြီးမချင်း သူတို့မပြုတ်မချင်း။ ရက္ခိုင်ကို ဘာကြောင့်မဲလဲဆိုရင် စစ်ရှုံးနေလို့၊ အခုက ရက္ခိုင်မှာ မြို့ ၃ မြို့ကလွဲလို့ရှိရင် ရက္ခိုင်က သိမ်းပြီးနေပြီလေ။ နောက်ပြီးတော့ ပိုဆိုးတာက ရက္ခိုင်က အခုက မကွေးနဲ့ မြစ်ဝကျွန်းပေါ်ကို ဆက်ပြီးတော့ ခြိမ်းခြောက်နေတဲ့အချိန်မှာ ရက္ခိုင်ကို အဓိကထားပြီးတော့ နှိပ်ကွပ်ဖို့ စစ်ကောင်စီက စဉ်းစားလာတဲ့သဘောပါပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်က မြို့နယ် ၁၄ မြို့အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနဲ့ မကွေးတိုင်းဘက်တို့ကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာတွေ လုပ်လာနေပါတယ်။
စစ်ကောင်စီကလည်း အာရက္ခတပ်တော်ကို တန်ပြန် တိုက်ခိုက်တဲ့အနေနဲ့ ရက္ခိုင်ပြည်က မြို့နယ်တွေကို လေကြောင်းကနေရော၊ လက်နက်ကြီးတွေနဲ့ရော ပစ်တာတွေ လုပ်နေတာကို တွေ့ရပါတယ်။

1 comment
Discover the thrill of real-money live casino action at [url=https://maxispin-au.com/]casino card games[/url], where you can enjoy live dealers, top software providers, and exclusive promotions.
Maxispin-au.com represents a forward-thinking hub that changes the landscape of digital amusement.