အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၅)
ဇန်နဝါရီလ ၂၅ ရက် နေ့လည်တွင် စစ်ကောင်စီက ကျောက်မဲပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာ ၂ စီး နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် CDM ဆရာမ ၂ ဦး၊ လူနာ ၁ ဦး သေဆုံးခဲ့ပြီး လူနာအရပ်သားပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
“အရပ်သားပြည်သူများ ဆေးကုသနေတဲ့ ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်” လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PLSF/TNLA က ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း တအာင်းဒေသတွင် အရပ်သာပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အစုလိုက် အပြုံလိုက် သေစေခြင်း၊ ဒဏ်ရာရရှိစေခြင်း နဲ့ အများပြည်သူ အဆောက်အအုံ ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာတားမြစ်ထားတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်နေခြင်း နဲ့ တိုက်ပွဲကာလတွင် အရပ်သားများကို ကာကွယ်ရမယ့် နိုင်ငံတကာ တားမြစ်ချက်ကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် ပြည်သူများအနေနဲ့ စစ်ရေးသတိရှိရန်လိုအပ်ပြီး လေကြောင်းကာကွယ်ရေး လမ်းညွှန်များကို လိုက်နာကြရန်လည်း TNLA က တိုက်တွန်းထားပါတယ်။
