အာရက္ခတိုင်းမ်စ် (၈ မတ် ၂၀၂၅)
ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက မြို့ရွာတွေမှာ စစ်ကောင်စီ ဖျက်စီးခဲ့တဲ့ လမ်း၊ တံတားတွေကို အာရက္ခတပ်တော်က ပြန်လည်ပြုပြင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မကြာခင်ကာလတွင် မိုးတွင်းကာလရောက်တော့မှာကြောင့် အာရက္ခတပ်တော်အနေနဲ့ ဒေသခံပြည်သူတွေ သွားလာရေးလွယ်ကူအောင် လမ်းတွေကို ပြုပြင်ပေးနေတာ ဖြစ်တယ်လို့ မင်းပြားဒေသခံတစ်ဦးက ဆိုပါတယ်။
“ မင်းပြား – မြောက်ဦး သွားတဲ့ မြောင်းဘွေလမ်းမပေါ်က ပျက်စီးနေတဲ့ လမ်းပိုင်းတွေကို ဖာတာတွေ လုပ်တယ်။ တအား ဆိုးဆိုးရွားရွား ပျက်စီးနေတာတွေကိုတော့ ကတ္တရာတွေနဲ့ လုပ်ပေးနေတာ တွေ့နေရပါတယ်” လို့ မင်းပြားမြို့ခံတစ်ဦးက ပြောပါတယ်။

အလားတူ စစ်ရေးအရ ရှုံးနိမ့်လို့ စွန့်ခွာသွားတဲ့ စစ်ကောင်စီဟာ တံတားတွေကို မိုင်းခွဲဖျက်ဆီးမှုတွေလည်း ရက္ခိုင်ပြည်တွင်းမှာ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။
ယခုအခါ မြို့ရွာချင်းဆက်လမ်းပေါ်က စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ တံတားတွေကိုလည်း အာရက္ခတပ်တော်က ပြန်လည် ပြုပြင် တည်ဆောက်ပေးနေတယ်လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ သံတွဲမြို့နယ်ထဲမှာ စစ်ကောင်စီဖျက်ဆီးခဲ့တာ တံတားကြီး၊ တံတားငယ် မနည်းဘူး။ အခုတော့ AA က ပြန်လည်လုပ်ပေးလို့ သွားလာရတာ တော်တော်လေးကို အဆင်ပြေနေပြီ” လို့ ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ ရပ်ရွာသန့်ရှင်းရေးအတွက် အပတ်စဉ် သန့်ရှင်းရေးလည်း လုပ်ဆောင်ပေးနေပြီး ယာဉ်အန္တရာယ်ကင်းစင်ရေးလုပ်ငန်းတွေလည်း အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

6 comments