အာရက္ခတိုင်းမ်စ် (၂၆ မတ် ၂၀၂၅)
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက်ရေးအတွက် ရွေးကောက်ပွဲက အရေးကြီးတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၅ ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီလောက်မှာ ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိတဲ့ လွှတ်တော်တစ်ရပ် ပေါ်ပေါက်အောင် ကြိုးစားသွားမယ်၊ ရွေးကောက်ပွဲကနေ အနိုင်ရတဲ့ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမယ်ဆိုပြီး ပြောခဲ့တာ ရှိပါတယ်။
ဒါ့ကြောင့် အဲဒီလို ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်က အရေးကြီးတာ ဖြစ်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ နှစ်အစပဲ ရှိသေးတယ် ၂၀၂၅ မတ်လ၊ ဆိုတော့ ၂၀၂၅ ဒီဇင်ဘာ နောက်ဆုံးအပတ်လောက် ရွေးကောက်ပွဲဆိုတာ ပြောထားတာကိုး။ ရွေးကောက်ပွဲမတိုင်ခင် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကတော့ လိုအပ်ချက် ရှိနေတာပေါ့။ အဲဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို သွားကောင်းသွားနိုင်မှာ။ အခု တွေ့ဆုံဆွေးနွေးရေးအဖြေရှာတဲ့ အနေအထားလို့ ထင်တယ် ၃ ရက်တာ ဆွေးနွေးပွဲကလေ” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) က ဦးဆောင်ပြီးတော့နေပြည်တော်မှာ ၃ ရက်တာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေကြပါတယ်။
အဲဒီဆွေးနွေးပွဲကိုတော့ NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင်ပြီး နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ အရပ်ဖက် ကိုယ်စားလှယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ စုစုပေါင်း လူအယောက် ၁၀၀ ကျော်နဲ့ ဆွေးနွေးလျက် ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အပေါ် တောင်းဆိုသည့် အချက်တွေက များလာနေတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်က နှောင့်နှေးလာနေတာပဲ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ရေရှည်အကျိုးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းကြားမှာ နိုင်ငံရေးလိုအပ်ချက်က ဘာလဲဆိုတာကို အဖြေရှာရမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။
“ မြန်မာနိုင်ငံက လက်ရှိ ပြည်တွင်းပဋိပက္ခ ၇၇ နှစ်ကြာကာလမှာ အများကြီး လက်တွေ့ နှစ်ဖက်တိုင်းရင်းသား အဖွဲ့အစည်းတွေ တွေ့ခဲ့ကြပြီးပြီ။ နိုင်ငံရေး ရည်မှန်းချက်ကြီးတွေကို ဦးတည်ပေမယ့် အဲဒီနိုင်ငံရေး ရည်မှန်းချက်တွေမှာ ပေးခဲ့ရတဲ့အချက်တွေက များသထက် များလာနေတဲ့အခါကျတော့ ဘယ်လိုစုပေါင်းပြီးမှ ဒီပြဿနာကို ဖြေရှင်းကြမှာလဲ။ နှစ်ဖက်နားဝင်အောင် တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းကလည်း နားဝင်အောင်၊ တစ်ဖက် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များလည်း နားဝင်အောင် ဒီလမ်းကြောင်းကို ဘယ်လိုအတူသွားပြီးမှ အတူလက်ဆွဲနှုတ်ဆက်ပြီးမှ ငြိမ်းချမ်းရေးရအောင် နိုင်ငံသားအားလုံးရဲ့ အကျိုးအတွက်ကို ရေရှည်ပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေက ပါဝင်နေတဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာအောင် နိုင်ငံရေးပါတီတွေကလည်း ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။
NCA မှာ တိုင်းရင်သားလက်နက်ကိုင်အများအပြား မပါဝင်တာ၊ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆွေးနွေးခွင့်မရတာတွေနဲ့ အဖွဲ့တွေကွဲသွားတာတွေကို ပြင်ဆင်ပြီး လိုအပ်ချက်တွေကို ဆွေးနွေးအဖြေရှာတာ၊ ယုံကြည်မှုတည်ဆောက်ပြီး တတိယအဖွဲ့အစည်းတစ်ခုခုက ဝင်ရောက်ဖြေရှင်းပေးဖို့လည်း လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။
