အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၅)
လွှတ်တော်ပေါ်တဲ့အခါ လက်နက်ကိုင်တောင်းဆိုတာက ဒီမိုကရေစီနဲ့ သွေဖယ်တယ်လို့ စစ်ခေါင်းဆောင်ဟာ ဇွန်လ ၂၅ ရက်က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ (Peace Forum 2025) အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေပေါ်မှာလည်း အများကြီးမူတည်နေကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေနဲ့အညီ လွှတ်တော် အသီးသီး ပေါ်ပေါက်လာပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှေးရှုနိုင်မှာဖြစ်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
သူက “လွှတ်တော်ပေါ်ပေါက်လာပြီး ကျနော်တို့ သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်တဲ့ အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့ လိုလားချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေးလုပ်ဆောင် ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ သွေဖယ်နေတယ်။ မှန်ကန်တဲ့လမ်းစဉ် မဟုတ်ဘူးဆိုတာကိုလည်း အလေးအနက် သတိပြုကြစေလိုပါတယ်။ မိမိတို့လိုလားချက်တွေကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုသွားကြမှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့တာပါ။
ဒါ့အပြင် တပ်မတော်အနေနဲ့ ၂၀၁၅ ခုနှစ် NCA စာချုပ်ကြီးပေါ်ပေါက် လာတာနဲ့တစ်ပြိုင်တည်း ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို ချမှတ်ပြီး ယနေ့တိုင် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
အခုလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းစွာ ဥပဒေဘောင်ထဲမှ လုပ်ဆောင်ဖို့ တိုက်တွန်းတာဟာ မှန်ကန်သော်လည်း တစ်ဖက်တည်းအတွက် မဟုတ်ဘဲ နှစ်ဖက်လုံးအတွက် ဖြစ်သင့်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က ပြောပါတယ်။
စစ်တပ်အနေနဲ့လည်း နိုင်ငံရေးပြဿနာတွေကို အင်အားသုံးပြီး မဖြေရှင်းဖို့ NCA မှာ သေချာလက်မှတ်ရေးထိုးထားတဲ့အတွက် တစ်ဖက်တည်းကိုပဲ လျှော့ခိုင်းပြီး ကိုယ့်ဘက်က မလျှော့ပါက မဖြစ်နိုင်ဘူးလို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကိုယ့်ဘက်ကလည်း ကိုယ်တို့သဘောတူညီထားခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို အင်အားသုံးပြီးတော့ မဖြေရှင်းဘဲ အင်အားမသုံးဘဲ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းတဲ့ နိုင်ငံရေး ယဥ်ကျေးမှုအဆင့်ကို ထူထောင်ပြီးတော့မှ လိုက်နာရမယ်လို့ NCA ထဲမှ သေသေချာချာ လက်မှတ်ထိုးထားပါတယ်။ တပ်မတော်လည်း ပါပါတယ်။ ဒါကိုလည်း သေသေချာချာ လိုက်လုပ်ဖို့ လိုအပ်လိမ့်မယ်။ ပြဿနာတစ်ခုခုဖြစ်လာလို့ရှိရင် မင်းဘက်ကပြင်ကွာ ငါတော့ ပြင်စရာမလိုဘူး အဲဒီလိုမျိုး ထားလို့မရပါဘူး။ နှစ်ဖက်စလုံးက အတင်းအလျှော့ တူတူရှိတယ်ဆိုရင် ဒါတွေဟာ ဖြေရှင်းလို့ရတာပါပဲ။ သူ့ဘက်ကပဲလျှော့ ကိုယ့်ဘက်က မလျှော့ဘူးဆိုရင်တော့ မဖြစ်နိုင်ဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ တကယ့်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေမပါဘဲ နိုင်ငံရေးပါတီတွေနဲ့ NCA ထိုးထားတဲ့ အဖွဲ့တွေအပြင် တရုတ်၊ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ကြတာကိုပဲ တွေ့ရပါတယ်။
စစ်ကောင်စီက ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ကိုတော့ ဇွန်လ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စစ်ခေါင်းဆောင်က ဇွန်လ ၂၅ ရက်နေ့မှာ အဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့တာပါ။
သူပြောကြားသွားတဲ့အထဲမှာတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ အခြား နိုင်ငံတွေကို ပုံတူကူးချသွားမှာမဟုတ်ဘဲ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မြန်မာတွေပဲ ဦးဆောင်ပြီးတော့ ဖော်ဆောင်သွားကြရမှာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို ဖော်ဆောင်ရာမှာ နိုင်ငံတော်နဲ့ပြည် သူတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အားလုံးလုပ်ကိုင် ဆောင်ရွက်သွားကြမယ်ဆိုရင် ထိရောက်အောင်မြင်မှာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

6 comments