အာရက္ခတိုင်းမ်စ် (၂၃ ဩဂုတ် ၂၀၂၅)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ရက္ခိုင်ပြည်နဲ့ မလေးရှားရေပိုင်နက်ကို ပို့မယ့် ငွေကျပ် ၂၅၇ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင် ရဲတပ်ဖွဲ့က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီး နဲ့ ငါးကန်လမ်းထောင့်မှာ အောင်လင်း မောင်း လာတဲ့ Canter Box ယာဉ် နဲ့ သောင်းထွန်း မောင်းလာတဲ့ Subaru Stella ယာဉ်တို့ကို သတင်းအရ ရပ်တန့်စစ်ဆေး ရှာ ဖွေရာ ကားပေါ်မှာ သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အပြား သိန်း ၄၀ နဲအတူ ဖမ်းမိခဲ့ပါတယ်။
ထို့နောက် အဲဒီနေ့ ညပိုင်းမှာ တာဝန်ခံ သယ်ဆောင်ခိုင်းသူ ထွန်းသိန်းကို ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ ရပ်ကွက်ရှိ ဂိုထောင်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ Toyota Rush ယာဉ်တစ်စီးနဲ့အတူ ထပ်မံ ဖမ်းမိခဲ့တာကြောင့် စုစုပေါင်း ကျပ် ၂၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း ဖမ်းဆီးရမိပြီး ပူးပေါင်းပါဝင်တဲ့ မောင်သိန်းချေ နဲ့ ကျော်စွာဝင်း (မှော်ဘီ) တို့ကို မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာရှိ နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရာမှာ အသုံးပြုတဲ့ မော်တော်ယာဉ်နှစ်စီးနဲ့အတူ ဆက်လက်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဩဂုတ် ၁၁ ရက်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ညီညီစိုးခန့် ကို ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ကျေးရွာအုပ်စု၊ အောင်ဇေယျကျေးရွာရှိ နေအိမ်မှာ ဖမ်းမိခဲ့ပြီး သူရဲ့ ဖော်ထုတ်ချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ ပုဇွန်ကန်အနီးမှာ မလေးရှားရေပိုင်နက် ကို ပို့ဆောင်ဖို့ ကျော်စွာဝင်း (ကွမ်းခြံကုန်း) သိုဝှက်ထားတဲ့ ကျပ် ၉၄ ဒသမ ၉၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁၈၉၉ ကီလို ကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဩဂုတ် ၁၀ ရက်မှာ မူးယစ်ဆေးဝါးတွေကို မလေးရှား ရေပိုင်နက်နဲ့ ရက္ခိုင်ပြည်တို့ကို တာဝန်ခံ သယ်ဆောင်ပေးသူ ကျော်စွာဝင်း (ကွမ်းခြံကုန်း) နဲ့ ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်းတို့ ကိုလည်း ထားဝယ်မြို့မှာ Toyota Succeed မော်တော်ယာဉ်နဲ့အတူ ဩဂုတ် ၁၃ ရက်မှာ ကျော်စွာဝင်း (ကွမ်းခြံကုန်း)က မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ အသုံးပြုဖို့ စီစဉ်ထားတဲ့ စက်လှေကို ထိန်းသိမ်းထားသူ ကျော်စိုးခိုင်ကို မြိတ်မြို့၊ မြိတ်မြို့တောင်ကျေးရွာ နန်းသူဇာတံတားမှာ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ကျေးရွာနေ အောင်ကျော် (ခေါ်) အောင်ကျော်စိုး၊ ရာကျော် (ခေါ်) ကို ရှိုင်း နဲ့ ကျော်စိန်းအောင် (ခေါ်) ကျော်ကြီး တို့ကို ဆက်လက်ဖမ်းမိပြီး ဖမ်းမိသူတွေရဲ့ လိုက်လံပြသတဲ့ နေရာတွေကနေ မလေးရှား ရေပိုင်နက်ကို သယ်ဆောင်မယ့် အိုက်စ် (မက်သ် အဖက်တမင်း) တွေကို ကွမ်းခြံကုန်းမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ လက်ခုပ်ကုန်းကျေးရွာ နဲ့ လက်ခုပ်ကုန်း- ဆယ်အိမ်ကုန်းရွာသွား လမ်းတွေမှာ နေရာ ၃ ခု ခွဲပြီး မြေမြှုပ်သိုဝှက်ထားတဲ့ ကျပ် ၁၄၀ ဒသမ ၃၅၅ ဘီလီယံ တန်ဖိုးရှိတဲ့ အိုက်စ် (မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလိုကို ထပ်မံ သိမ်း ဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ နဲ့ စိတ်ပြောင်းဆေးဝါးတွေကို ရက္ခိုင်ပြည် နဲ့ ပြည်ပကို သယ်ဆောင်ရောင်းဝယ်ရာမှာ အဓိက စီမံခန့်ခွဲသူမှာ ဖမ်းဆီးဖို့ ကျန်တဲ့ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ စိုင်းစု ဖြစ်ပြီး သူရဲ့ အစီအမံနဲ့ ဖမ်းဆီးဖို့ ကျန်တဲ့ နောက်ထပ်နှစ်ယောက်က စိတ်ကြွဆေးပြားတွေ ကို ရန်ကုန်မြို့မှာ သိုလှောင်ပြီး ရက္ခိုင်ပြည်ကတစ်ဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို သယ်ဆောင်ဖို့ တာဝန်ခံဆောင်ရွက်သူကတော့ ထွန်းသိန်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မှ ရက္ခိုင်ပြည်၊ မြေပုံမြို့သို့ တာဝန်ခံသယ်ဆောင်သူမှာ ဝင်းဇော်သိန်းဖြစ်ပြီး ရက္ခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်သူမှာ ဝင်းခိုင်ဖြစ်ကြောင်းသိရှိရပြီး ရက္ခိုင်ပြည်၊ မြေပုံမြို့ကို စိတ်ကြွဆေးပြားတွေ ရောက်ရှိရင်တော့ AA အဖွဲ့က ဗိုလ်မှူးအဆင့်ရှိတဲ့ ကိုရေး (အကောက်ခွန်မှူး) ထံ ရက္ခိုင်ပြည် ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပြား အပြား တစ်သောင်းကို ကျပ် ၃ သိန်း အခွန်ပေး ဆောင်ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖမ်းမိတဲ့ ကျူးလွန်သူ ၁၃ ယောက် ဥပဒေအရ အရေးယူထားပြီး ဖမ်းဆီးဖို့ ကျန်တဲ့ ၉ ယောက် တို့ကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
previous post
next post

243 comments