အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ပိတ်ထားခဲ့ရတဲ့ စစ်တွေဆိပ်ကမ်းသစ် ပြန်လည်ပတ်နိုင်မယ်ဆိုပါက အလုပ်အကိုင်မရှိသလောက်ဖြစ်နေတဲ့ ဒေသခံတွေအတွက် အလုပ်အကိုင် ပြန်ရနိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ကြပါတယ်။
အိန္ဒိယ ဆိပ်ကမ်း၊ ပို့ဆောင်ရေးနဲ့ ရေကြောင်းဆိုင်ရာဝန်ကြီးက မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ ကုလားတန်ဘက်စုံစီမံကိန်းကို လာမယ့် ၂၀၂၇ ခုနှစ်မှာ အပြည့်အဝ လည်ပတ်နိုင်မယ်လို့ အိန္ဒိယရဲ့ The Statesman သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဲဒီစီမံကိန်းအတွက် မြန်မာနိုင်ငံဘက်ခြမ်းက စစ်တွေဆိပ်ကမ်းကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီး ဆိပ်ကမ်းကနေ အိုက်ဇောကို ကားလမ်းဆက်သွယ်မှု ကျန်ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။
လက်ရှိ ရက္ခိုင်ပြည်ရဲ့ အခြေအနေအရ စီမံကိန်းနဲ့ ဆိပ်ကမ်းကို လုပ်ဆောင်ဖို့ မလွယ်ကူလောက်ပေမယ့် ပြန်စတင်နိုင်ခဲ့မယ်ဆိုရင် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ရနိုင်တယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အခုက အဲဒီဆိပ်ကမ်းက ဘာမှ မလုပ်ဘူးလေ။ ဒီတိုင်း ပိတ်ထားတာ။ ဒေသနေ လူထုအတွက် အလုပ်အကိုင် ရမယ်လေ။ အလုပ်အကိုင်ရတော့ အဆင်ပြေတာပေါ့။ ကောင်းတာပေါ့။ ဒါပေမယ့် ကားနဲ့ မလာဘဲနဲ့ သင်္ဘောနဲ့ လာရင် ကုန်တင်၊ ကုန်ချ အလုပ်သမားတွေက သူ့ဟာနဲ့သူ လည်ပတ်ကြမှာ။ အခုက လက်ရှိအခြေအနေမှာ စစ်တွေမှာ များသောအားဖြင့်က လက်လုပ် လက်စားတွေပဲ များတာကို။ လက်ရှိ ရှိနေတာကို ပြောတာနော်။ သူဋ္ဌေးတွေက ဒီမှာ ပိုက်ဆံပေးပြီးတော့ ထားခဲ့တဲ့ အလုပ်သမား ရှိမယ်။ တချို့ အလုပ်သမားတွေကလည်း သူဋ္ဌေးတွေ ထောက်ပံ့လို့ အဆင်ပြေတယ်။ တချို့ကလည်း သူဋ္ဌေးတွေက မထောက်ပံ့ဘူး။ အလုပ်ကတော့ လုပ်နေရတယ်။ ပစ္စည်းမရှိတော့ ဒီတိုင်း ရပ်နေတယ်။ အဲဒီလိုမျိုးတွေလည်း ရှိတာပဲလေ” လို့ သူက ပြောပါတယ်။
ကုလားတန်ဘက်စုံစီမံကိန်းဟာ မြန်မာနိုင်ငံကိုဖြတ်ပြီး မဟာဗျူဟာ အထောက်အကူဖြစ်စေမယ့် အိန္ဒိယအတွက် စီမံကိန်းတစ်ခုပဲ ဖြစ်ပါတယ်။
ဆိပ်ကမ်းနဲ့ ရေကြောင်းဆိုင်ရာတွေအတွက် အိန္ဒိယအစိုးရက ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံထားပြီး အိန္ဒိယမြောက်ပိုင်းကို အရှေ့တောင်အာရှနဲ့ ချိတ်ဆက်မယ့် စီးပွားရေးစင်္ကြံအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကို ၂၀၀၀ ခုနှစ်မှာ စတင်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား သဘောတူညီချက် မူဘောင်ကို ၂၀၀၈ ခုနှစ်မှာ တရားဝင် သဘောတူခဲ့ကြတာပါ။
ကုန်းတွင်းပိတ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ ပြည်မကြီးအကြား ခရီးသွားလာမှု အကွာအဝေးကို သိသာစွာ လျှော့ချပေးမှာဖြစ်ပြီး အိုက်ဇောနဲ့ ကာလကတ္တားအကြား ခရီးအကွာအဝေးကိုလည်း ၇၀၀ ကီလိုမီတာနီးပါး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ မြန်မာတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီစီမံကိန်းဟာ ပင်လယ်ရေကြောင်းကနေ ကာလကတ္တားဆိပ်ကမ်းကို စစ်တွေဆိပ်ကမ်းနဲ့ ချိတ်ဆက်ပြီး စစ်တွေမှ ပလက်ဝကို ကုလားတန်မြစ်ကြောင်းကနေ ဆက်သွယ်ထားတာပါ။
ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ မီဇိုရမ်ပြည်နယ်နဲ့ အဝေးပြေးလမ်း ဖောက်လုပ်မှာပဲ ဖြစ်ပါတယ်။

7 comments