BusinessNewsPolitic

စစ်တွေဆိပ်ကမ်းမှာ ကုန်တင်/ကုန်ချကို စစ်တွေမှတ်ပုံတင်ရှိသူပဲ လုပ်ကိုင်ခွင့်ရ

Featured Video Play Icon

အာရက္ခတိုင်းမ်စ်(၃၀ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ရှိ အာဏာပိုင်ဆိပ်ကမ်းတွေက ကုန်တင်/ကုန်ချ လုပ်ငန်းခွင်မှာ စစ်တွေ မှတ်ပုံတင်ရှိသူတွေပဲ လုပ်ကိုင်ခွင့်ရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

တခြားမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဖြစ်ပါက ဆိပ်ကမ်းထဲကို ဝင်လို့မရတဲ့အပြင် သူတို့သတ်မှတ်ထားတဲ့ လုပ်သားတွေသာ ဝင်လို့ရကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူတို့သတ်မှတ်ထားတဲ့လူတွေပဲ ဝင်လို့ရတယ်။ အဲဒါတောင်မှ မှတ်ပုံတင်ပြရတယ်။ မှတ်ပုံတင်မှာ စစ်တွေ စတန (နိုင် )ဆိုမှပဲ ရတယ်တဲ့။ ပေါက်တောတို့၊ မင်းပြားတို့၊ မြောက်ဦးတို့ အဲဒီဘက်က မှတ်ပုံတင်တွေနဲ့ဆို အဲဒီအထဲကို ဝင်လို့မရဘူး။ ဒါပေမယ့် ဒီလိုမျိုးလည်းရှိတယ်၊ ကုန်တင်/ကုန်ချ အာဏာပိုင်ဆိပ်ကမ်းမှာလုပ်နေတဲ့ လူတွေနဲ့ပတ်သက်တဲ့ သူငယ်ချင်းတို့၊ အသိတို့ လူလိုတယ်ဆိုရင် မင်းလိုက်မလား တစ်ယောက်၊ နှစ်ယောက် ခေါ်လာခဲ့။ အပြင်ကလူ လိုတယ်ဆိုရင်တော့ အဲဒီလိုမျိုး ခေါ်လာလို့တော့ရတယ်။ နီးစပ်ရာ နီးစပ်ရာပေါ့။ အဲဒါကလည်း တစ်ခါတစ်လေပါ အမြဲတမ်းကြတော့ သူတို့ သတ်မှတ်ထားတဲ့လူပဲ လုပ်ရတာလေ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ကုန်တင်/ကုန်ချ လုပ်အားခနှုန်းဟာ တစ်ဦးကို တစ်သောင်းခွဲ၊ နှစ်သောင်းကျပ်ဝန်းကျင် ရနိုင်ပြီး အလုပ်လက်မဲ့နှုန်းများတဲ့အတွက် ကုန်တင်/ကုန်ချ လုပ်လိုသော်လည်း သတ်မှတ်ထားတဲ့ လုပ်သားမဟုတ်တဲ့အတွက် အလုပ်အကိုင် မရရှိကြဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကုန်တွေကို သက်ဆိုင်ရာ ပွဲရုံတွေဆီ တင်ပို့လိုက်တဲ့အခါမှာတော့ ဆိပ်ကမ်းက လုပ်သားတွေ ဟာ လိုက်ပါခွင့်မရတော့ဘဲ ပွဲရုံက ကုန်တင်/ကုန်ချသမား လိုအပ်တာကြောင့် အဲဒီနေရာတွေမှာတော့ အလုပ်အကိုင် တစ်ခါတစ်လေ ရတတ်ကြကြောင်းလည်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဆိပ်ကမ်းမှာ အာဏာပိုင်ဆိပ်ကမ်းမှာ ကုန်တင်/ကုန်ချလုပ်နေတဲ့လူတွေက သင်္ဘောပေါ်ကနေ ကားပေါ်တင်လိုက်တယ်။ ဆန်တွေတင်လိုက်တယ်။ အဲဒီအခါကြ ဆန်ချဖို့အတွက်ကြတော့ သူတို့ လိုက်လို့မရတော့ဘူး။ ဆန်ချဖို့လူကြတော့ ဆန်ပွဲရုံက သူ့လူနဲ့သူထားတယ်။ ကုန်တင်/ကုန်ချလုပ်တာမှ ၂ မျိုးခွဲထားတာ။ အာဏာပိုင်ဆိပ်ကမ်းမှာ လုပ်တဲ့လူကသပ်သပ်။ ဒီဘက်ဆိပ်ကမ်းကထွက်လာရင် ပွဲရုံမှာ ချတဲ့လူက သူ့ဟာသူသပ်သပ်” လို့ သူက ပြောပါတယ်။

ကုန်တင်/ကုန်ချလုပ်သားတွေဟာလည်း သင်္ဘောဆိုက်ကပ်လာတဲ့အချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အလုပ်အကိုင်ရှားပါးကြကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ မိုးတွင်းကာလဖြစ်တဲ့အတွက် ရာသီဥတုအခြေအနေတွေကြောင့် သင်္ဘောတွေဟာလည်း ပုံမှန်ရောက်လာတာမျိုးမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် နောက်လာမယ့် သင်္ဘောတွေကနေစတင်ကာ ကုန်တင်/ကုန်ချ နှုန်းထားတွေ တိုးမြင့်တော့မှာ ဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတွေဟာလည်း အထိုက်အလျောက် မြင့်တက်သွားမယ့် အနေအထားဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Related posts

ကျောက်တော်တွင် ရှေးဟောင်း ကျောက်ပုလ္လင် တွေ့ရှိ

Rakhita Times

ငါးရှာထွက်တဲ့ ကျိန္တလီသား ၂ ဦး ရေနှစ်ပျောက်ဆုံး၊ ၆ ကြာ ထိ ရှာမတွေ့သေး

Rakhita Times

သာပေါင်းတိုက်ပွဲကြောင့် ဒေသခံတွေ လုပ်ငန်းထိခိုက်လာ

Rakhita Times

Leave a Comment