အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၅)
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အာရက္ခတပ်တော်နဲ့ လက်နက်ကိုင်အချို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဘင်္ဂလားမီဒီယာတွေက ဖော်ပြတာဟာ သတင်းမှန် မဟုတ်ဘူးလို့ အာရက္ခတပ်တော် ဗိုလ်မှူးထွန်းမင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
“ ဘင်္ဂလားမီဒီယာက ဘေးတီးပနာ ARSA နဲ့ RSO တို့ကို Marketing သဘောအရ Promotion လုပ်ပီးနီးစွာ မြီးပြင်မှာ သတင်းမှန်မဟုပ်ပါ” လို့ ဗိုလ်မှူးထွန်းမင်းနိုင်က ယခုလို ရေးသားထားပါတယ်။
ဘင်္ဂလားဒေ့ရှ် မီဒီယာများဖြစ်ကြတဲ့ ဘင်ဒရိုဘင်နယူးစ် နဲ့ ကော့စ်ဘဇားနယူးစ်တို့တွင် ဘင်္ဂလာဒေ့ရှ်- ရက္ခိုင်နယ်စပ် မိုင်တိုင်အမှတ် ၄၃ နဲ့ ၄၉ အကြားတွင် အာရက္ခတပ်တော် နဲ့ လက်နက်ကိုင်တပ်ဖွဲ့အချို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ရေးသားဖော်ပြကြပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နဲ့ ရက္ခိုင်ဘက်ခြမ်းတွင် ARSA နဲ့ RSO ပူးပေါင်းတပ်များနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း အိုကီးယားနယူးစ်တွင် ဖော်ပြထားပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် အမှတ် (၁၁) BGB တပ်ရင်းနဲံ အမှတ် (၃၄) BGB တပ်ရင်းတို့က နတ်ကျောက်ဆရီမြို့နယ် နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့လည်း ရေးသားဖော်ပြကြပါတယ်။
