NewsPolitic

ဘယ်အဖွဲ့အစည်းမဆို တူညီချက်ရှိရင် မဟာမိတ်စုဖွဲ့မှုလုပ်တာ သဘာာဝပဲ

အာရက္ခတိုင်းမ်စ် (၂၆ သြဂုတ် ၂၀၂၅)

တော်လှန်ရေးနဲ့ နိုင်ငံရေးအပြင် အခြားသော ဘယ်အဖွဲ့အစည်းမဆို မူဝါဒပိုင်း၊ လုပ်ငန်းးပိုင်းဆိုင်ရာ တူညီကြတဲ့အခါ မဟာမိတ်အဖြစ် စုဖွဲ့မှုလုပ်ကြတာဟာ သဘာဝပဲဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဆိုရှယ်မီဒီယာအပေါ်မှာ ရေးသားချက်တွေဟာ စိတ်ခံစားချက်၊ လိုလားချက်အရ ရေးသားကြတာဖြစ်ပြီး တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်း၊ ကြေညာချက်၊ ထောက်ပြမှုတွေ မဟုတ်ကြောင်း သူကပြောပါတယ်။

“ဆိုရှယ်မီဒီယာတွေအပေါ်မှာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပေါ့နော်။ တစ်နည်းအားဖြင့်ပြောရင် ဒီဟာတွေက အထောက်အထား အကိုးအကားလို့လည်း ‌ပြောလို့မရသလို တရားဝင် ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကြေညာချက်တွေ၊ ထောက်ပြချက်တွေလည်း မဟုတ်ဘူးလေ။ ပြည်သူတွေ တစ်နည်းအားဖြင့်ပြောရင် စိတ်ခံစားချက်အရ သူတို့ရဲ့ လိုလားချက်အရ နောက်တစ်ခါ လော်ဘီတွေ၊ သူတို့ အဖွဲ့အစည်းတွေကနေပြီးတော့ ဆိုက်ဝါးအနေနဲ့ ဒါမျိုးတွေ သုံးနေကြတာလို့ပဲ ပြောရမယ် ထင်တယ်။ အဲဒီတော့ အဲဒါတွေကို သူတို့ အဲဒီလိုပြောလို့ ကျနော်တို့တွေက ကိုယ့်ရဲ့အမြင်ကို ပြောတယ်ဆိုရင် ဒါတွေက မပြီးနိုင် မစီးနိုင် ဖြစ်မယ်လေ။ အဲဒါလေးတစ်ချက် ပြောချင်တယ်။ နောက်တစ်ခုကတော့ ဘယ်အဖွဲ့အစည်း ဘယ်သူမဆို နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ တော်လှန်ရေးမှာပဲဖြစ်ဖြစ် ကိုယ်နဲ့တူရာတူရာကိုတော့ မူဝါဒပိုင်းဆိုင်ရာတူတဲ့ဟာတွေ လုပ်ငန်းပိုင်းဆိုင်ရာ တူရာတူရာလေးတွေတော့ စုဖွဲ့မိတ်ဖွဲ့ကြတာ ဒါသဘာဝပဲ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးမျိုးရန်နောင်သိန်းဟာ အာရက္ခတပ်တော်နဲ့ပတ်သက်ပြီး ပို့စ်တစ်ခု ရေးသားဖော်ပြခဲ့တာပါ။

အဲဒီမှာတော့ အာရက္ခတပ်တော်ဟာ မကွေး၊ စစ်ကိုင်း၊ ချင်း တကြောလုံးမှာ ဩဇာခံတပ်တော်တွေအဖြစ် BPLA, BNRA, GenZ Army, ကျောင်းသားလက်ရုံးတပ်, Yaw Army , YDF စသဖြင့် မွေးထားကြောင်း၊ အဲဒီတပ်တော်တွေဟာ NUG ရဲ့ CoC အောက်မှာရှိလို့မရသလို ချင်းတောင်ဘက်မှာလည်း Chin Bortherhood က ရှိနေကြောင်း၊ ပလက်ဝကို AA က တိုက်ရိုက်အုပ်ချုပ်ထားကြောင်း ရေးသားထားတာပါ။

ဒါဟာ တရုတ်နယ်စပ်မှာ တရုတ်က သူ့အကျိုးစီးပွားအတွက် ဩဇာခံအဖြစ် UWSA နဲ့ MNDAA တို့ကို ထားတဲ့ပုံစံနဲ့ တစ်ပုံစံတည်းဖြစ်ကြောင်း၊ AA က သူ့ရဲ့ လုံခြုံရေးအတွက် တပ်တော်တွေ မွေးထားကြောင်း၊ အဲဒီအခြေအနေမှာ NUG အတွက် မြေပြင်အခြေအနေကို ထိန်းရ သိမ်းရ ခက်စေကြောင်း၊ ပြည်ပမထဲရှိ တပ်ဖွဲ့တွေ အကွဲကွဲ အပြားပြား ဖြစ်စေကြောင်း စသဖြင့် ကိုယ်ပိုင်အမြင်ကို ရေးသားထားတာ ဖြစ်ပါတယ်။

AA အနေဖြင့် အခုလို ခြံစည်းရိုးစစ်ဗျူဟာကနေ သံချပ်ကာစစ်ဗျူဟာ ပြောင်းဖို့လိုမှာဖြစ်ကြောင်း၊ NUG နဲ့ အပြည့်ပူးပေါင်းပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ကြောင်း ဒါမှသာ အားလုံးအတွက် အကျိုးရှိမှာ ဖြစ်ကြောင်း၊ မြန်မာပြည်တော်လှန်ရေးသမိုင်းမှာ KNU ထက် စွမ်းဆောင်နိုင်တာ အခုထိ မရှိသေးကြောင်း ရေးသားဖော်ပြထားတာပါ။

အဲဒီ ရေးသားချက်နဲ့ပတ်သက်ပြီး ရှေ့နေကြီး ဦးကြီးမြင့်ကလည်း AA တပ်ချုပ်နဲ့ AA တပ်တော်အပေါ် NUG လော်ဘီ မျိုးရန်နောင်သိန်းရဲ့ သွေးခွဲစကားပြောဆိုမှုကို ပြင်းထန်စွာရှုံ့ချကြောင်း၊ NUG အနေနဲ့လည်း သူနဲ့ ကင်းကွာစွာ နေသင့်ကြောင်း တိုက်တွန်း ရေးသားထားပါတယ်။

အာရက္ခတပ်တော်ဟာ အမျိုးသားရပ်တည်ချက်ထက် တပ်တော်ဖြစ်တည်ဖို့ ၎င်းတို့နဲ့ တူနိုင်သည့် အစုအဖွဲ့ နေရာကိုရှာပြီး ကချင်မှာ စုဖွဲ့ပြီး အင်အားတည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“နောက်ဆုံး ပြောမယ်ဆိုရင် ရက္ခိုင့်တပ်တော် အေအေကိုယ်တိုင်က ကိုယ့်အမျိုးသားရပ်တည်ချက်ထက် တပ်တော်ဟာ တပ်တော်ဖြစ်တည်ဖို့အတွက် သူနဲ့ တူတဲ့နေရာကိုရှာပြီးတော့ နောက်ဆုံးတော့ ကချင်မှာပေါ့ သွားပြီးတော့ စုဖွဲ့ရတယ်လေ။ အဲဒီကနေ စုဖွဲ့ပြီးလာတာ ဖြစ်တယ်။ တပ်ရဲ့ သဘောသဘာဝမှာ အဲဒီလို တူရာတူရာစုပြီးတော့ ကိုယ့်ရဲ့ အင်အားတည်ဆောက်တယ်။ အင်အားရလာတဲ့အခါမှာ ကိုယ့်ရဲ့အမိမြေ၊ ရက္ခိုင်တွေကတော့ ကိုယ့်အဖရက္ခိုင်ပြည်ပေါ့ ပြန်လာကြတယ်။ ဒါမျိုး သဘာဝတွေလည်း ရှိတယ်။ အဲဒါကိုသွားပြီးတော့ တပည့်ခံတို့၊ ဘယ်လိုစုထားတာတို့ ဆိုတဲ့ဟာမျိုး ပြောဖို့ဆိုတဲ့ဟာက အမြင်မတူတဲ့ လူတွေကတော့ ပြောပါလိမ့်မယ်။ ကျနော်တို့အမြင်နဲ့ကတော့ ရက္ခိုင်သမိုင်းမှာ ရက္ခိုင့်တော်လှန်ရေးသမိုင်းမှာ ဒါမျိုးတွေ ဖြစ်ခဲ့တဲ့ဟာမျိုးတွေ ရှိခဲ့တဲ့အတွင်းမှာ ဒါတွေကိုတော့ ပြဿနာအနေနဲ့ မမြင်ဘူး။ သို့သော်လည်း ကျနော်ပြောတဲ့ဟာမှာ ဝေဖန်စရာ ပုပ်ခတ်စရာရှိတာတွေကတော့ ရှိတဲ့လူတွေကတော့ ရှိနေမှာပဲ” လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နဲ့ မြို့သိမ်းတိုက်ပွဲဝင်ကြရာမှာ အာရက္ခတပ်တော်ဟာ အခြားအဖွဲ့အစည်းတွေထက် သာလွန်တဲ့အနေအထားမှာရှိကြောင်း စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေကြား သုံးသပ်မှုတွေရှိပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပါအဝင် တခြားညီနောင်တွေရဲ့ တိုက်ပွဲတွေမှာ ပါဝင်ကူညီတိုက်ခိုက်ပေးသလို ရက္ခိုင်ပြည်မှာလည်း စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူတို့မှအပ ကျန်မြို့တွေအားလုံးကို သိမ်းပိုက်ရရှိထားနိုင်တဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

Related posts

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်မယ့် သားဖွားသင်တန်း လျောက်လွှာခေ

Rakhita Times

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

Rakhita Times

ကျောက်ကလေရွာကို စကမ ဗုံးကြဲ အမျိုးသမီး ၂ ဦး သေဆုံး၊ နေအိမ်အချို့ ပျက်စီး

Rakhita Times

10 comments

Leave a Comment