အာရက္ခတိုင်းမ်စ်(၂ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်ထဲက အာရက္ခတပ်တော် သိမ်းပိုက်အုပ်ချုပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခတက်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် မူးယစ်ဆေးဝါး ရောင်းချ ဖြန့်ဖြူး သုံးစွဲသူ စုစုပေါင်း ၁၁ ဦးကို ဩဂုတ် ၃၀ ရက်နေ့မှာ DLEPS ဌာနက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်ဟာ သူထိန်းချုပ်တဲ့ ဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းချမှုတွေကို ဖမ်းဆီးအရေးယူနေတဲ့ကြားထဲကနေ အခုလို သူတို့ဖွဲစည်းထားတဲ့ ရဲတပ်ဖွဲ့ထဲမှာတင်ကို မူးယစ်ဆေးဝါး ရောင်းချမှုတွေ ရှိနေတာပါ။
အဖမ်းခံရတဲ့လူတွေကတော့ ပုဏ္ဏားကျွန်းမြိုနယ်မှာ တာဝန်ကျနေတဲ့ DLEPS တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ တပ်သား ခန့်စိုးလင်း (၂၁ နှစ်)၊ ဒု-တပ်ကြပ် သန်းဟန် (၂၄နှစ်)၊တပ်သား ကျော်စိုးလှိုင် (၃၅နှစ်)၊ တပ်သား အောင်နိုင်ဖြိုး (၂၀နှစ်)၊ တပ်သား မြင့်မြတ်အောင်နိုင် (၂၅နှစ်)၊ တပ်သား ဘိုဆန်းယု (ခ) ဇော်လင်းအောင် (၂၂နှစ်)၊ တပ်သား သန်းတိုးအောင် (၂၄နှစ်) နဲ့ တတူ ယိုးတရုပ်ရွာက ဇော်မျိုးလွင် (၂၂ နှစ်)၊ ဝင်းသန်း ( ၄၂ နှစ်)၊ မျိုးဇော် (၃၆နှစ်) နဲ့ အောင်ဖြူပြင်ရွာက ရန်နိုင်စိုး တို့ ဖြစ်ကြပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးချက်အရ DLEPS တပ်ဖွဲ့ဟာ ဩဂုတ် ၃၀ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ တပ်သားဖြစ်သူ ခန့်စိုးလင်းကို ဖမ်းဆီး စစ်ဆေးမေးမြန်းခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်အရ မူးယစ်ဆီးဝါးတွေကို အောင်ဖြူပြင်ရွာက ရန်နိုင်စိုးကတဆင့် ဆက်သွယ်ပြီး မင်းပြားမြို့ရှိ ရန်နိုင်စိုးရဲ့ ယောက္ခထီးဖြစ်သူထံက ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူဖြန့်ဖြူးရောင်းချရာမှာလည်း ယိုးတရုပ်ရွာက ဇော်မျိုးလွင်၊ ဦးဝင်းသန်းနဲ့ မျိုးဇော်တို့ ပါဝင်ကြောင်းသိရှိရတဲ့အတွက် အဲဒီ ၃ ယောက်ကိုပါ ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် DLEPS တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဒု-တပ်ကြပ် သန်းဟန်၊ တပ်သား ကျော်စိုးလှိုင်၊ တပ်သား အောင်နိုင်ဖြိုး၊ တပ်သား မြင့်မြတ်အောင်နိုင်၊ တပ်သား ဘိုဆန်းယု (ခ) ဇော်လင်းအောင်နဲ့ တပ်သား သန်းတိုးအောင်တို့လည်း မူးယစ်ဆီးဝါးဝယ်ယူသုံးစွဲရာမှာပါဝင်ကြောင်း သိရှိရပြီး သူတို့ကိုပါ ဆက်လက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
DLEPS တပ်ဖွဲ့တွေဟာ အာရက္ခတစ်ပြည်လုံးအတိုင်းအတာအနေနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေးအပါအဝင် တရားဥဒေစိုးမိုးရေးနဲ့ ပြည်သု့လုံခြုံရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်ဆောင်ရွက်နေတာပါ။
အာရက္ခတပ်တော်အနေနဲ့ မူးယစ်ဆေးဝါး ရောင်းချ ဖြန့်ဖြူး သုံးစွဲသူတွေကို ကြောသားရင်သားမခွဲခြားဘဲ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အာရက္ခ ဒေသအတွင်း မူးယစ်ဆီးဝါးကင်းစင်ပပျောက်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့လည်း သိရှိရပါတယ်။
