NewsPolitic

အမျိုးသမီး ၄ ဦးကို အတင်းအဓမ္မကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်၊ ပြစ်ဒဏ်ကို ပြည်သူတွေ ဝေဖန်

အာရက္ခတိုင်းမ်စ် (၅ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးခရိုင်တရားရုံး မှာ အမျိုးသမီးလေးဦးကို အတင်းအဓမ္မကျူးလွန်ခဲ့တဲ့ ကျောက်တော်မြို့နယ်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင် ကို စက်တင်ဘာလ ၁ ရက်က ထောင်ဒဏ် ၄၀ နှစ် ချမှတ်လိုက်ပါတယ်။

အဆိုပါ ပြစ်ဒဏ်အပေါ် ရက္ခိုင်ပြည်သူတွေက အားမရဘဲ ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

“ အခုက အမှု ၄ ခု အတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တယ်။ အဲဒီ ၄ မှုမှာ အရွယ်မရောက်သေးတာက (၁၈ နှစ် မပြည့်) ၂ မှုတောင်။ သက်ငယ်အမှု အတွက်တောင် ဒီပြစ်ဒဏ်က နည်းတယ်လို့ ယူဆတယ်။ နောက်အမှုအတွက် ဘယ်လို ပြစ်ဒဏ်တွေ ချမှတ်မလဲ စောင့်ကြည့်ရမှာပေါ့” လို့ မြောက်ဦးမြို့နယ်က တက်ကြွလှုပ်ရှားသူ လူငယ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခု စစ်ဆေးပြီးစီးသွားတဲ့ အမှုတွေကတော့ ကျောက်တော်မြို့နယ် မြင်းကြပ်ရွာက အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တဦး၊ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်က အသက် (၁၄) နှစ် အရွယ် အမျိုးသမီးငယ်တဦး၊ မြောက်ဦးမြို့နယ် ဆင်အိုးကြီးရွာမက အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတဦးနဲ့ မြောက်ဦးမြို့နယ် လိပ်မရွာက အသက် (၂၀) အရွယ် အမျိုးသမီးတဦးတို့ရဲ့ အမှုတွေလည်း ဖြစ်ပါတယ်။

“ သူဝန်ခံထားတာမှာလည်း ပါတယ်လေ။ အသက် ၁၄ နှစ် ကလေးမလေးကို အလုပ်ပေးမယ် လိမ်ခေါ်ပြီး အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တယ်လို့လေ။ ဒါက သက်ငယ်ပဲ၊ ကျူးလွန်တဲ့သူကို နောက်လူတွေအတွက် စံနမူနာဖြစ်အောင် လုပ်စေချင်တယ်” လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တရားရုံးအမိန့်အရ အမှုလေးခုအတွက် တစ်မှုစီ ၁၀ နှစ် သီးခြားကျဖို့ အမိန့်ချထားပြီး စုစုပေါင်း ၄၀ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အမှုစုံစမ်းစစ်ဆေးချက်တွေထဲမှာ ဇော်ဇော်နိုင်က မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေက အမျိုးသမီးငယ်များ အပါအဝင် စုစုပေါင်း ၁၁ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

လက်ရှိအတွက် ၄ မှုကို စီရင်ပြီး ကျန် ၇ မှုကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Photo – APM

Related posts

ကျောက်ဖြူတိုက်ပွဲမှာ မိမိတို့ စစ်သားတွေ ပို့ဆောင်နေက သတင်းမှားလို့ ALP ထုတ်ပြန်

Rakhita Times

AA နဲ့ KNU ကို စကမ အမှုဖွင့် အရေးယူမှု ဘာမှဖြစ်လာမှာ မဟုတ်

Rakhita Times

မူးယစ်ဆေးဝါးကရတဲ့အမြတ် ၇၀ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းဝယ်ယူရာမှာ AA အသုံးပြုလို့ စကမ ဆို

Rakhita Times

Leave a Comment