အာရက္ခတိုင်းမ်စ် (၉ အောက်တိုဘာ ၂၀၂၅)
အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အရင်က သင့်မြတ်မှု ရှိပေမယ့် လက်ရှိမှာတော့ မသင့်မြတ်မှုတွေ အနည်းငယ် ရှိလာနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
ဒီလိုမျိုး ဖြစ်ရတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒကြောင့် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ သဘောထား ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက သဘောထား သင့်မြတ်ပြီး ကုန်သွယ်ရေးနဲ့ သံတမန်ဆက်ဆံရေးတွေ ကောင်းမွန်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ယခင် ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ရှိတ်ဟစီနာလက်ထက်က မူဝါဒအတိုင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ကျင့်သုံးနေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စစ်တပ်ရဲ့ သဘောထားနဲ့ မူဝါဒ ကွဲလွဲမှုကြားမှာ အာရက္ခတပ်တော်ဟာ အကျပ်အတည်း ဖြစ်သွားရတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း တော်တော် အံအားသင့်နေတယ် ဒီပေါ်လစီကို။ ဒီပေါ်လစီကြီးကို ချလိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်က ပထမ တော်တော် အဆင်ပြေနေတာ။ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဆန့်ကျင်တာ။ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဆန့်ကျင်တာ တရုတ်က မွေးခဲ့တာကို။ ရှိတ်ဟစီနာထဲမှာ တရုတ်ရဲ့ အထောက်အပံ့တွေနဲ့ လုပ်လာတဲ့အခါမှာ အခု အမေရိကန်နဲ့ မိုဟာမတ်ယူနွတ်စ်တို့က ပေါ်လစီ ပြောင်းချင်တယ် စစ်တပ်က အပြောင်းမခံဘူး။ စစ်တပ်က ရှိတ်ဟစီနာ လက်ထက်တုန်းကလို ရက္ခိုင်နဲ့ပတ်သက်လို့ တင်းတင်းမာမာ သဘောထားတယ်။ နောက် စစ်အစိုးရအပေါ်မှာ အဲဒါ ရှိတ်ဟစီနာရဲ့ ပေါ်လစီပဲ။ တရုတ်နဲ့ပတ်သက်လို့ အဲဒီရှိတ်ဟစီနာရဲ့ ပေါ်လစီကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က အဲဒီအတိုင်း သွားနေတယ်ဗျာ။ အဲဒါကို မိုဟာမတ်ယူနွတ်စ်နဲ့ အမေရိကန် နည်းနည်း ဒီကိစ္စမှာ တူညီဖို့ တော်တော် ခက်နေတယ်။ အဲဒီလို ဖြစ်တဲ့အခါမှာ နေရင်းထိုင်ရင်း AA မှာ သွားပြီးတော့ အကျပ်အတည်း ဖြစ်တာပေါ့ဗျာ။ မိုဟာမတ်ယူနွတ်စ်က တော်တော်လေးကို လိုက်လျောနေတယ်။ အဲဒါကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထိပ်တိုက်တွေ့တာ” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ နယ်ခြားစောင့်တပ် BGB ထဲမှာ အစ္စလာမ်မစ် အစွန်းရောက် ဝါဒကို လက်ကိုင်ထားကြတဲ့ အရာရှိတွေရှိပြီး အဲဒီသူတွေကနေတဆင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့ကို လက်နက်၊ ရိက္ခာတွေနဲ့ နေရာတွေကို ထောက်ပံ့ပေးပြီး အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖန်တီးတာတွေလည်း ရှိခဲ့ပါတယ်။
နှစ်ဖက်နယ်စပ် တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဆက်ဆံရေးတွေကို ထိခိုက်ပြီး နှစ်ဖက်တင်းမာမှု ပိုပြီး မြင့်တက်လာတာကို ကာကွယ်နိုင်ဖို့အတွက် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေအပေါ် ခွင့်ပြု၊ ထောက်ပံ့ကူညီပြီး အားပေးအားမြှောက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အစွန်းရောက် စစ်သွေးကြွဝါဒ အားပေးနေတဲ့ အကျင့်ပျက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က အရာရှိတွေနဲ့ စစ်သွေးကြွ လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ လိုအပ်တယ်လို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိုးရနဲ့ စစ်တပ်ကြား သဘောထား ကွဲလွဲမှုတွေကြောင့် အာရက္ခတပ်တော်အပေါ် ဆက်ဆံရေး မတူညီတာတွေကို ပြေလည်အောင် ကြိုးစားရာမှာ အခက်အခဲရှိနေပေမယ့်လည်း အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ ကောင်းမွန်အောင် ကြိုးစားနေတယ်လို့ တရုတ် – မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဒါနဲ့ ကျမကြည့်တယ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က ဆက်ဆံရေး ပြေပြစ်အောင် ကြိုးစားရမှာ။ ဒီအခက်အခဲတွေ ရှိတယ်ဆိုတာ ထုတ်ဖော်ပြောတာတော့ မှန်တာပေါ့နော်။ ဒါတွေကို ကောင်းမွန်အောင် ကြိုးစားပြီး လုပ်ဖို့ရှိတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့နိုင်ငံလည်း မတည်မငြိမ် ဖြစ်နေတာ။ အခုတမျိုး ဖြစ်လိုက် တော်ကြာတမျိုး ဖြစ်လိုက် အဲဒီလို ဖြစ်ပုံရတယ်။ ဒါကြောင့်မို့လည်း ဆက်ဆံရေးက မတူသလို ဖြစ်နေပုံရပါတယ်။ တဖြည်းဖြည်းနဲ့ တူညီလာပါလိမ့်မယ်။ ကျမထင်တယ် AA က တဖြည်းဖြည်း ဆက်ဆံရေးကောင်းအောင် ကြိုးစားလာပါလိမ့်မယ်” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာလည်း အာရက္ခတပ်တော်ကို ဆန့်ကျင်ပြီး မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ခံတဲ့ စုဝေးပွဲတွေ ပြုလုပ် လှုံ့ဆော်နေကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ထိန်းကွပ်ခြင်း တစ်စုံတစ်ရာ မရှိတာကို တွေ့ရပါတယ်။
အဲဒါအပြင် လတ်တလောအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဘက် ဆက်ဆံရေး တင်းမာနေပြီး နယ်စပ်မှာလည်း ARSA အကြမ်းဖက်တပ်ဖွဲ့တွေက အာရက္ခတပ်တော် ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
