အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူ ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဒီကနေ့ (ဒီဇင်ဘာ ၁၁ ရက်)ညပိုင်းမှာအတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ ဂျက်ဖိုက်တာတစီးပေါ်မှ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံး နှစ်လုံးနဲ့အကြမ်းဖက် ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်း ဆေးကုသခံယူနေကြတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေထဲမှာ သုံးလသားအရွယ် မိန်းကလေး တစ်ဦးအပါအဝင် ကျား (၁၆) ဦး၊ မ (၁၇) ဦး စုစုပေါင်း ၃၃ ဦး ဟာ ပွဲချင်းပြီး သေဆုံးခဲ့ရသလို ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၇၆) ဦးတို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒဏ်ရာရရှိခဲ့သူတွေထဲမှာ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်း အချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

“ မြောက်ဦးပြည်သူ့ဆေးရုံကြီးဟာ အာရက္ခပြည်သူလူထု အားကိုးအားထား အပြုရဆုံး ဆေးရုံကြီးတရုံ ဖြစ်ပါတယ်။အခက်အခဲမျိုးစုံကြားမှ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကော်မရှင်၏ လုပ်ရပ်သည် လွန်စွာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ် ဖြစ်သည်သာမက အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်မရှင်ကျူးလွန်သည့်အထဲ အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု၊ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက် ဒဏ်ရာရ၊ သေဆုံးမှုအများဆုံး ဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဆိုပါတယ်။
အာရက္ခပြည်သူများ အားထားရာ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိက ခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အစရှိတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီး တခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံပတ်ဝန်းကျင်ရှိ လူနေအိမ် အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဟာ အရှုံးများကို ဖုံးကွယ်ရန် သူရဲဘောကြောင်သည့် လုပ်ရပ်များထဲမှ တခုဖြစ်သော စစ်ဘက် ပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူလူထုများရှိရာ နေရာများ၊ လူစုလူဝေးရှိသော နေရာများနှင့် လူနေ ထူထပ်သော နေရာများဖြစ်ကြတဲ့ အရပ်ဘက်ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဈေး အစရှိတဲ့ နေရာတွေကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ (၂) နှစ်တာ ကာလအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ (၁၁၅၂) ဦး သေဆုံးခဲ့ရပြီး (၂၁၅၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မတရားသဖြင့် ဖမ်းဆီးခံခဲ့ရသူ (၁၀၃၄) ဦးအထိ ရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက် မှ နိုဝင်ဘာလ (၂၈) ရက်နေ့ထိ တနှစ်တာနီးပါးကာလအတွင်းမှာလည်း စစ်ကော်မရှင်မှ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ဂွမြို့နယ်နှင့် ပလက်ဝ တို့မှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှု၊ စစ်ရာဇဝတ်မှုမြောက်သော လေကြောင်းတိုက်ခိုက်မှု (၉၂) ကြိမ် ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူ စုစုပေါင်း (၅၀၂) ဦး၊ သေဆုံးခဲ့သူ စုစုပေါင်း (၁၉၂) ဦး နဲ့ လူနေအိမ် စုစုပေါင်း (၅၉၆) လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့မှ အပြစ်မဲ့အရပ်သားပြည်သူများအား ယခုကဲ့သို့ နေ့စဉ်ရက်ဆက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ရဲ့စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုများကို နိုင်ငံတကာအနေဖြင့် လက်ပိုက်ကြည့်မနေဘဲ အသက်ဆုံးရှုံးခဲ့ကြရတဲ့ အပြစ်မဲ့အရပ်သားပြည်သူလူထုတို့အတွက် တရားမျှတမှုရရှိစေရန်နှငိ့ ကျူးလွန်ခဲ့သောသူများအား ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်ရန်ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်းနိုင်ငံများထံသို့ အကူအညီတောင်းခံအပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာထည့်သွင်းတောင်းဆိုထားပါတယ်။

11 comments