BusinessHealthNewsPolitic

ကျောက်ဖြူ စစ်ရှောင် ၇ ထောင်ကျော် အတွက် ရိက္ခာများ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၅ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားလျက်ရှိနေတဲ့ တိုက်ပွဲတွေကို တိမ်းရှောင်ရင်း ကျောက်ဖြူမြို့မှာ  ခိုလှုံနေရတဲ့ စစ်ဘေးရှောင် ၇ ထောင်ကျော်အတွက် ဆန်ရိက္ခာတွေ လိုအပ်နေတယ်လို့ ရမ္မာမြေစစ်ဘေးကူညီရေး(ရမ္မာ မြီပရဟိတ) အဖွဲ့က ဆိုပါတယ်။

အဆိုပါ အဖွဲ့ဟာ စစ်ဘေးရှောင်တွေကို ကူညီခဲ့တာ ၂ နှစ် နီးပါး ရှိလာပြီဖြစ်သလို နေ့စဉ်နဲ့အမျှ စစ်ရှောင်ဦးရေ များပြားလာတာကြောင့် ဆန်ရိက္ခာ လှူဒါန်းတဲ့အခါ လောက်ငှမှု မရှိဘူးလို့လည်း သိရပါတယ်။

“ရက္ခိုင်တောင်ပိုင်း ဒီဘက်ဒေသမှာ မြေပြင်အထိုင်အနေနဲ့ ကျတော်တို့ ရမ္မာမြေစစ်ဘေးကူညီရေး (ရမ္မာမြီပရဟိတ) အဖွဲ့ တခုပဲ လစဉ် တောက်လျှောက် လုပ်လာခဲ့တာ ၂ နှစ် ကျော်လာပါပြီဗျာ။ ဒီကာလမှာ ရမ်းဗြဲစစ်ဘေးရှောင်၊ မာန်‌အောင်စစ်ဘေးရှောင်၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ စနဲစစ်ဘေးရှောင်၊ ကျောက်ဖြူစစ်ဘေးရှောင်တွေ တောက်လျှောက် ကူညီခဲ့တယ်။ အခုတော့ ကျောက်ဖြူ၊ စနဲ စစ်ဘေးရှောင်တွေကို ကူညီလာတာ တနှစ်နီးပါး ရှိလာချိန် တနေ့ထက်တနေ့ ပို၍ တိုးတိုးလာနေတယ်။ ကျွန်တော်တို့အဖွဲလည်း အလှူငွေ (၃၀၀) ကျော် လောက်ဘဲရှိတော့ အရေးပေါ်အနေနဲ့ ကူညီဖို့ အဆင်မပြေတဲ့လူ စီစစ်လိုက်တဲ့အခါ ခုနစ်ထောင်ကျော်လောက် အတွက် လူတဦး တပတ်စာဆန် (၁၀/၁၅) ဗူး နှုန်းနဲ့ ကူညီနေတယ်။ လောက်ငှမှုတော့ မရှိပါဘူး” လို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ (ရမ္မာမြီပရဟိတ) တာဝန်ခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် မလကျွန်း၊ ပြိုင်စေ့ကေ၊ လိပ်ခမော်၊ ကုလားဘာ၊ စိုင်ခြုံ၊ အုန်းတော၊ ကန္ဒီး၊ တောင်မော်ပြင်၊ ဇိုင်းချောင်း၊ သိုင်းချောင်း၊ ချောင်းဝ၊ မအူတော၊ အဝတောင်၊ ဂုံးချွန်ရှိ စစ်ဘေးရှောင် လူဦးရေ (၃၀၀၀) ကျော်ကို လစဉ် ဆန်ကူညီပေးနေသလို ဒီဇင်ဘာလပိုင်းမှာလည်း မင်းပြင်၊ ဇင်ချောင်း၊ ဝမြောင်၊ ဆင်ဘုတ်တိုက်နယ်၊ ရွာမ၊ လူရှည်‌တောင်ရင်း၊ ကျွန်းချောင်း၊ သဲချွန်၊ ပြားကျွိန်၊ ကျောက်ပြောက်၊ ဝါးနက်ချန်၊ ပြူးချိန် စတဲ့ ကျောက်ဖြူမြို့နယ်တွေမှာရှိတဲ့ ရွာတွေက ဒေသခံစစ်ရှောင်လူဦးရေ သောင်းချီခန့်ကိုလည်း အများပြည်သူ အလှူငွေများနဲ့ ကူညီလာတာ ငွေကျပ်သိန်းလေးထောင်ကျော် ရှိပြီလို့ အဆိုပါ တာဝန်ခံက ဆက်ပြောပါတယ်။

အိုးအိမ်များ စွန့်ပစ်ပြီး စစ်ဘေး‌ရှောင်လာရတဲ့ စစ်ရှောင်တွေ အနေနဲ့လည်း စားသောက်ရိက္ခာများ မပါလာတာကြောင့် စစ်ရှောင်ကာလ အပိုင်းအခြား ကြာလာတာနဲ့အမျှ အခက်အခဲများနဲ့ ရင်ဆိုင်နေရသလို သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါးထောက်ပံ့နိုင်မှု အားနည်းနေတယ်လို့ သိရပါတယ်။

“အခက်အခဲကတော့ ဆန်ရိက္ခာ စားဖို့ ပါမလာကြတော့ ဒီဟာက အဓိက အခက်‌အခဲပါ၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးတွေကို ဆေးဝါးအတွက် ငွေ အနည်းဘဲ ပေးဖြစ်ပါတယ်။ အဓိက ငွေမရှိလို့။ ရှိတဲ့ငွေကို စားဖို့ ဆန်ရိက္ခာကို လုပ်ပေးနေရလို့ပါ” လို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ (ရမ္မာမြီပရဟိတ) တာဝန်ခံတဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

စစ်ဘေးရှောင်များကို ကူညီချင်တဲ့ အဖွဲ့တွေကို ကူညီပေးဖို့ အသင့်ရှိနေပြီး လှူဒါန်းလိုသူတွေအနေနဲ့ ဆန် ၃၂ ဗူးပါ တတောင်းကို (၁၂၀၀၀) နဲ့ ရမ္မာမြေစစ်ဘေးကူညီရေး Facebook Page က တဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခတပ်တော်နေ့ အထိမ်းအမှတ် ကာယဗလမောင် နဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ

Rakhita Times

စပါးအထွက်နှုန်း ၂၅ ရာခိုင်နှုန်းကျတဲ့အပြင် ဈေးနှုန်းကျတဲ့ဒဏ်ကို စပါးစိုက်တောင်သူတွေ ခံနေရ

Rakhita Times

ပုဏ္ဏားကျွန်း ယိုးငူရွာကို စကမဗုံးကြဲ အရပ်သားပြည်သူ ၁၂ ဦး သေဆုံး၊ ၂၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရ (Breaking News)

Rakhita Times

2,110 comments

Leave a Comment