NewsPolitic

ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းအတွက် စည်းကမ်း ၁၉ ချက် လိုက်နာရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အသိပေး

အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းများအတွက် စည်းကမ်း ၁၉ ချက်တို့ကို လိုက်နာရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ယာဉ်များအတွက် လိုက်နာရန် စည်းကမ်းချက် ၁၀ ခုမှာ ၁။ လမ်းမပေါ်တွင် သွားလာနေတဲ့ ၄ ဘီးနဲ့အထက် ကားများအားလုံး မီးအစုံ ကောင်းမွန်ရတယ်၊ ဟွန်း (Honk) ကောင်းမွန်ရမယ်၊ ကိုယ်ထည်ကြံ့ခိုင်မှု ရှိရမယ်၊ ဘေးမှန်နှစ်ဖက်လုံး ကောင်းမွန်ရမယ်၊ လေကာမှန်များ အပြည့်အစုံရှိရမယ်၊ အောက်ပိုင်းကောင်းရမှာဖြစ်ပြီး ထိုင်ခုံခါးပတ်လည်း ကောင်းမွန်ရပါမယ်။

နံပတ် ၂ အချက်အနေနဲ့ ထော်လာဂျီများအားလုံး မီးအစုံ ကောင်းမွန်ရတယ်၊ ဟွန်း (Honk) ကောင်းမွန်ရမယ်၊ ကိုယ်ထည်ကြံ့ခိုင်မှု ရှိရမယ်၊ ဘေးမှန်နှစ်ဖက်လုံး ကောင်းမွန်ရမယ်၊ လေကာမှန်များ အပြည့်အစုံရှိရမယ်၊ အောက်ပိုင်းကောင်းမွန်ရမှာပဲ ဖြစ်ပါမယ်။

နံပတ် ၃ အနေနဲ့ သုံးဘီးကားအားလုံး မီးအစုံ ကောင်းမွန်ရတယ်၊ ဟွန်း (Honk) ကောင်းမွန်ရမယ်၊ ကိုယ်ထည်ကြံ့ခိုင်မှု ရှိရမယ်၊ ဘေးမှန်နှစ်ဖက်လုံး ကောင်းမွန်ရမယ်၊ လေကာမှန်များ အပြည့်အစုံရှိရမယ်၊ ခရီးသည်လက်ဆွဲအိတ်မှအပ ကုန်မတင်ရ ဖြစ်ပါတယ်။

နံပတ် ၄ အနေနဲ့ကတော့ ဘေးတွဲ(သုံးဘီး) များအားလုံး မီးအစုံ ကောင်းမွန်ရတယ်၊ ဟွန်း (Honk) ကောင်းမွန်ရမယ်၊ ကိုယ်ထည်ကြံ့ခိုင်မှု ရှိရမယ်၊ ဘေးမှန်နှစ်ဖက်လုံး ကောင်းမွန်ရမယ်၊ ဆိုင်ကယ်စီးဦးထုတ်ကို ယာဉ်မောင်းနဲ့ ခရီးသည်ပါ ဆောင်းရပါမယ်၊ အောက်ပိုင်းကောင်းရမှာဖြစ်ပြီး ရှေ့/နောက် ရောင်ပြန်ပြားများ တပ်ဆင်ထားရပါမယ်။

နံပတ် ၅ အနေနဲ့ကတော့ ဆိုင်ကယ်အားလုံး မီးအစုံကောင်းရမယ်၊ ဟွန်းကောင်းရမယ်၊ ဘေးမှန်နှစ်ဖက်လုံး တပ်ဆင်ထားပြီး ကောင်းမွန်ရမယ်၊ ကာဗာများအားလုံး တပ်ဆင်ထားရမယ်၊ အင်ဂျင်ကောင်းရမယ် (ဥပမာ – မီးခိုးလုံးမထွက်ရ)၊ အိတ်ဇောများကောင်းမွန်ရမယ်၊ ရှေ့/နောက် ရောင်ပြန်ပြားများ တပ်ဆင်ထားရပါမယ်။

နံပတ် ၆ အနေနဲ့ အနှေးယာဉ် (စက်ဘီး၊ ဆိုက္ကား၊ လက်တွန်းလှည်း) ရှေ့/နောက် ရောင်ပြန်စတေကာ(သို့) ရောင်ပြန်ပြားများ တပ်ဆင်ထားရှိရပါမယ်။

နံပတ် ၇ အနေနဲ့ စက်တပ်ယာဥ်များအားလုံး ပြန့်ကြဲလွယ်တဲ့ ပစ္စည်းများ (ဥပမာ – အုတ်၊ သဲ၊ ကျောက်၊ ကျောက်စရစ်၊ တောင်မြေများ၊ အမှိုက်များ) တင်ဆောင်တဲ့အခါ လုံခြုံတဲ့ အဖုံးများ ဖုံးအုပ်ပြီးမှ လမ်းမများထက်တွင် မောင်းနှင်ရပါမယ်။

နံပတ် ၈ အနေနဲ့ ကုန်းလမ်းသွား စက်တပ်ယာဥ်များအားလုံး ရက္ခိုင်ပြည်အတွင်း မောင်းနှင်ခွင့်ပြုတဲ့ ယာဥ်လိုင်စင် ပြုလုပ်ရပါမယ်၊ (စက်ယန္တရားများလည်း ပါဝင်ပါတယ်)။

နံပတ် ၉ အနေနဲ့ ကုန်းလမ်းသွား စက်တပ်ယာဥ်များအားလုံး ပို့ဆောင်ရေးဌာနက သတ်မှတ်ပေးထားတဲ့ ယာဥ်နံပါတ်ပြားများကိုသာ တပ်ဆင်ရပါမယ်။

နံပတ် ၁၀ အနေနဲ့ကတော့ ခရီးသည်တင် ယာဥ်လိုင်းများအားလုံး သတ်မှတ်နေရာတွင်သာ လူတင်/လူချခြင်းများ ပြုလုပ်ရပါမယ်၊ ဂိတ်မဟုတ်တဲ့ မြိုတွင်းများကို ဖြတ်သန်းသွားလာလျှင် လူတင်/လူချခြင်းကို လုံးဝ မပြုလုပ်ရ စသည်တို့ပဲ ဖြစ်ပါတယ်။

ယာဉ်မောင်းများအတွက် စည်းကမ်းချက် ၁၉ ချက်ကတော့ ယာဥ်မောင်းသူတိုင်း သက်ဆိုင်ရာ ယာဥ်အမျိုးအစားအလိုက် မောင်းနှင်ခွင့်ပြုတဲ့ လိုင်စင်ရှိရပါမယ်၊ အသက် ၁၈ နှစ် မပြည့်သူများ ယာဥ်မောင်းနှင်ခြင်း လုံးဝ မပြုလုပ်ရ၊ ထိုင်ခုံခါးပတ်မပါဘဲ ကားမမောင်းရ၊ ဆိုင်ကယ်စီးလျှင် ဦးထုတ်မဆောင်းဘဲ ဆိုင်ကယ်မမောင်းရ၊ လိုက်ပါစီးနင်းသူများလည်း ဆိုင်ကယ်စီးလျှင် ဦးထုတ်ဆောင်းရပါမယ်၊ ဘေးတွဲဆိုင်ကယ်များ ဆိုင်ကယ်စီးဦးထုတ်မဆောင်းဘဲ ဆိုင်ကယ်မမောင်းရ၊ လိုက်ပါစီးနင်းသူများလည်း ဆိုင်ကယ်စီးဦးထုတ်ဆောင်းရပါမယ်၊ စက်ဘီးစီး ဦးထုတ်မဆောင်းဘဲ စက်ဘီး မစီးရ၊ အောက်ပါနီရာများတွင် ယာဥ်လုံးဝ မရပ်ရ (လမ်းဆုံလမ်းခွအတွင်း လမ်းဆုံလမ်းခွနဲ့ ၁၅ မီတာ ပတ်လည်အကွာ၊ လမ်းထောင့်လမ်းကွေ့အတွင်း၊ ကျောင်း၊ ဆေးရုံ မီးသတ်ဌာနအဝင်ဝ၊ တံတား လမ်းကျဥ်းအဝင်ဝနဲ့ လမ်းကျဥ်းအတွင်း၊ ကားဂိတ် မှတ်တိုင်အနီး၊ မျဥ်းဖြူနှစ်ကြောင်းရှိတဲ့ လမ်းဘေး၊ တလမ်းမောင်းလမ်းရဲ့ ဘယ်ဖက်၊ယာဥ်ကြောထပ်၊တစီးနဲ့တစီး ဘေးချင်းပြိုင် ယာဥ်နှစ်ထပ်၊ တောင်ကုန်းထိပ်၊ ခရီးသည်၊ ကုန်စည်၊ စင်းလုံးငှား ပို့ဆောင်ရေးယာဥ်အားလုံး လမ်းဘေးချ ညမအိပ်ရ၊ စက်ပျက်ပြီး ရပ်တန့်ထားပါက အရေးပေါ်မီး ထွန်းထားရပါမယ်၊ သံဃာတော်များ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ယာဥ်ကို ကိုယ်တိုင်မောင်းနှင်ခြင်း လုံးဝမပြုလုပ်ရ)၊ မီးသတ်စခန်း၊ မီးသတ်ပိုက်ခေါင်း၊ မီးသတ်ရေလှောင်ကန်နဲ့ (၇) မီတာအတွင်း မရပ်ရ၊ ၃၀၀၀ ကီလိုဂရမ် (၃) တန် အထက်ကားများ မြို့တွင်းထဲသို့ ဝင်ရောက်ပြီး လူတင်ချခြင်း၊ ကုန်ပစ္စည်းများ တင်ချခြင်း မပြုလုပ်ရ၊ သတ်မှတ်နေရာတွင်သာ လူ/ကုန် တင်ချခြင်းများ ပြုလုပ်ရပါမယ်၊ မြို့တွင်းဖြတ်သွားပါက လုံးဝမရပ်ရ၊ လူ မတင်/မချရ၊ ယာဥ်မောင်းနေစဥ် ဖုန်းကိုင် စကားပြောပြီး မမောင်းရ၊ လမ်းမကြီးအချက်ပြမီး မရှိသေးတာကြောင့် ရက္ခိုင်ပြည်ထုတ် ယာဥ်မောင်းလက်စွဲပါအတိုင်းသာ မီးပြရန်၊ မီးမှားယွင်းပြသခြင်း မပြုရ၊ စုံမီးသည် အရေးပေါ်မီးဖြစ်သဖြင့် တည့်တည့်သွားရင်မပြရ၊ လမ်းမထက်တွင် ရပ်တန့်ပြီး စကားမပြောရ၊ ကွမ်းမဝယ်ရ၊ လူမတင်ရ၊ ဘာကြောင့်ရပ်ရပ် လမ်းနဲ့လွတ်တဲ့ နေရာတွင်ရပ်၊ အရက်သေစာသောက်စားပြီး ယာဥ်မောင်းနှင်ခြင်း၊ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးများသုံးပြီး ယာဥ်မောင်းနှင်ခြင်း၊ ယာဥ်ကို အရှိန်ပြင်းစွာဖြင့် မဆင်မခြင်မောင်းနှင်ခြင်းနဲ့ ပေါ့ပေါ့ဆဆမောင်းနှင်ခြင်း၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ကြံ့ခိုင်မှုမရှိတဲ့ ယာဥ်ကိုမောင်းနှင်ခြင်း၊ သတ်မှတ်နေရာတခုတွင်သာ မောင်းနှင်ခွင့်ရှိပြီး လိုင်စင်ပြုလုပ်ထားခြင်း မရှိတဲ့ ယာဥ်များကို မမောင်းရ စတာတွေပဲ ဖြစ်ပါတယ်။

အထက်ပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ပါက သက်ဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၀ သြဂုတ် ၂၀၂၅)

Rakhita Times

ရက္ခိုင်မှာ အိမ်/ခြံခွန် စတင်ကောက်ခံ၊ ဒေသခံတွေ အခက်တွေ့နေ

Rakhita Times

မင်းပြားနဲ့ ပုဏ္ဏားကျွန်းကို စကမ တပြိုင်တည်း ဗုံးကြဲ

Rakhita Times

Leave a Comment